ကလေးနှစ်ယောက် ထက်ပိုမယူရဆိုသည့် အမိန့်မှာ မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်ပြောကြား

ပို့စ်တင်ချိန် - 6/22/2013 12:58:00 PM

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောတွင် ထုတ်ပြန်ထားသော ဘင်္ဂါလီ အမျိုးသမီးတစ်ဦးလျှင် ကလေး နှစ်ယောက် ထပ်ပိုမယူရ ဆိုသည့် ဒေသန္တရ အမိန့်မှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောသည်။

ယမန်နေ့က စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်းကြီးဌာန ဝန်ကြီး Mr. Alan Duncan ဦးဆောင်သည့် အဖွဲ့သည် အစည်းဝေးပြုလုပ်ခဲ့စဉ် ဗြိတိန်ဝန်ကြီး၏   မေးမြန်းချက်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂါလီအမျိုးသမီးတစ်ဦးဟာ ကလေးနှစ်ယောက်ထပ် ပိုမယူရဘူးဆိုတဲ့ ဒေသန္တအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိပါဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ကော ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ပါ ထုတ်ပြန်ထားခြင်း မရှိပါဘူး၊ ဒီထုတ်ပြန်ထားတာ မရှိပေးမယ့် ဒီသတင်းထွက်ပေါ်လာတဲ့အတွက် ထွက်ပေါ်လာတဲ့ သတင်းဌာနကိုလဲ ဘယ်ကSourceဆိုလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းထားဆဲ ဖြစ်ပါတယ်’’ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောသည်။


ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်းကြီး ဌာန ဝန်ကြီး Mr. Alan Duncan ဦးဆောင်သည့် အဖွဲ့သည် ဇွန်၁၈ရက်နေ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့နယ် မြေပုံမြို့နယ်ရှိ ရခိုင်တိုင်းရင်းသား များ နှင့် ဘင်္ဂလီဒုက္ခသည်တို့ဖြင့် တွေ့ဆုံခဲ့ပြီး ဇွန် ၁၉ ရက်နေ့တွင် စစ်တွေမြို့နယ် သက္ကေပြင်၊ မှန်စီ၊ ဒါးပိုင် နှင့် အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီဒုက္ခသည်များဖြင့်လည်း တွေ့ဆုံခဲ့သည်။

အစည်းဝေးတွင် ဗြိတိန်ဝန်ကြီး နိုင်ငံတကာမှာရှိတဲ့ သတင်းစာတွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အမျိုးသမီးတစ်ဦးဟာ ကလေးနှစ်ယောက်ဘဲယူရမယ် အကျည်းထောင်မှာရှိတဲ့ အခြေအနေတွေ၊ နောက်ပြီး တော့လူတွေ တစ်နေရာမှ တစ်နေရာ သွားလာလို့မရတဲ့ အခြေအနေတွေ သတင်းစာတွေထဲမှာ ရေးသားထား ပါတယ်၊ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ သတင်းစာတွေကို ထိန်းချုပ်လို့မရှိတဲ့ အတွက်သူတို့ပြောနေတာတွေ ကိုလည်း လေ့လာခဲ့ပါတယ်၊ပြီးတော့ အောင်မင်္ဂလာမှာရှိတဲ့ ဘဂါင်္လီတွေနဲ့တွေ့တဲ့အခါသူတို့အနေနဲ့လဲ အပြင်ကိုတကယ်သွားလို့လာလို့မရ ဘူး၊ ဆိုတဲ့ အနေအထားတွေရှိပါတယ်၊ ဆိုတော့ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ဘယ်လိုမျိုးအခက်အခဲတွေရှိလို့ ဒီလူတွေကိုအပြင်မှာ ထွက်ခွင့်မပေးတာလဲအစရှိသည့် မေးခွန်းများ ကိုလည်း ဗြိတိန်ဝန်ကြီးက မေးမြန်းခဲ့သည်။

ဗြိတိန်ဝန်ကြီး၏ခရီးစဉ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီအမျိုးသမီးများနှင့် အဓိကထားတွေ့ဆုံခဲ့ပြီး ကလေးနှစ်ယောက်ထက် ပိုမယူရဆိုသည့်အချက်ကို အဓိက ထားလေ့လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု တစ်နှစ်ပြည့်တွင် ဗြိတိန်နိုင်ငံမှ ပထမဆုံးအကြိမ် လာရောက် လေ့လာခဲ့ခြင်းဖြစ်သည်။
  ပဋိပက္ခနောက်ပိုင်း ရခိုင်ပြည်နယ်သို့ ပြည်ပနိုင်ငံမှ နိုင်ငံတကာ သံတမန်များ လာရောက်ကြသော်လည်း ရခိုင်တိုင်းရင်းသားများထက် ဘင်္ဂါလီများကိုသာ ဦးစားပေးသည်ကို တွေ့ရကြောင်း စစ်တွေဒေသခံများက ဆိုသည်။

“ ပဋိပက္ခမှာ နှစ်ဘက်လုံး ဖြစ်တာဘဲလေ၊ ဒါပေမယ့် ကျွန်တော်တို့သတိထားမိတာက ပြည်ပ နိုင်ငံက   ခေါင်းဆောင်တော်များများက ဘဂါင်္လီတွေကိုဘဲ ဦးစားပေးတာတွေ့ရတယ်၊ပြည်တွင်းပြည်ပ သတင်းဌာန တွေမှာလည်း အဲလိုဘဲ၊မကြာမီကလဲ မစ္စတာကင်းတားနားက မြောက်ဦးမှာ ဘဂါင်္လီအမျိုးသမီး ၃ဦးသေဆုံးမှုကို စုံစမ်းပေးဖို့ တောင်းဆိုတာလဲရှိတယ်၊ ကျွန်တော်တို့ ရခိုင်ဘက်က ဆုံးရှုံးတာတွေကျတော့ ဘာမှမပြောဘူး၊ ဘက်လိုက်မှု ရှိတယ်” ဟု ရခိုင်လူမှုကွန်ယက် အဖွဲ့ဝင်တစ်ဦးကသုးံသပ်သည်။

ရခိုင်ပြည်နယ်အတွင်းဘင်္ဂါလီအမျိုးသမီးများအနေဖြင့်ကလေးနှစ်ဦးထက်ပိုမယူရဆိုသည့်ဒေသန္တရအမိန့်မှာ ပြည်တွင်းပြည်ပ သတင်းဌာနများတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၄င်းအမိန့်မှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများသို့ အတိအလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြစ်မခ