ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ် ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံမှ အတည်ပြု

ပို့စ်တင်ချိန် - 6/18/2013 09:21:00 AM


ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်)မှ Medical Board မှ ဇွန် ၁၇ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

''Medical Board ရဲ့ဆုံးဖြတ်ချက်အရ ဒီလူနာက ဆေးကုသဖို့ လိုအပ်လို့ အခုလို ဆေးကုသမှု ခံယူနေတာပါ။ တာဝန်ကျ ဆရာဝန် တစ်ယောက်တည်း ဆုံးဖြတ်တာ မဟုတ်ဘူး။ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ ဆရာဝန်အားလုံးရဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ရောဂါအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကိုတော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်အရ ပြောပိုင်ခွင့် မရှိပါဘူး'' ဟု စိတ်ကျန်းမားရေးဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက ဆိုသည်။

Medical Board အဖွဲ့သည် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံ၏ ဆေးရုံအုပ်ကြီး အပါအ၀င် အထူးကု ဆရာဝန်ကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်းများ၊ အမှုအခင်းနှင့်ပတ်သတ်သူများကိုသာ ဆေးကုသမှု ခံယူရန် သင့်မသင့်ကို အဆိုပါ ဘုတ်အဖွဲ့မှ စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ယခုဆေးကုသမှု ခံယူနေသူ အစ္စလာမ် ဘာသာဝင် မခင်မျိုးမှာ လူထုစိတ်ဝင်စားမှု ရှိသည့်အတွက် ယခုလို ဘုတ်အဖွဲ့မှ ဆေးကုသမှု ခံယူရန် သင့်မသင့်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၆ ရက်တွင် ညနေ ၅ နာရီခွဲ အချိန်တွင် ဒဂုံတောင်မြို့နယ် အစ္စလာမ်ဘာသာဝင် လူကြီးများဖြစ်သော အိုလမာအစ္စလာမ် လူမှုရေးအဖွဲ့မှ မခင်မျိုး နေထိုင်သည့် နေအိမ်သို့ ရောက်ရှိလာပြီး မခင်မျိုးအား စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ရန် အကြောင်းကြားသည့် အတွက် အဒေါ်ဖြစ်သူနှင့်အတူ ညနေ ၆ နာရီတွင် စိတ်ကျန်းဆေးရုံသို့ သွားရောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၅ ရက် မွန်းတည့် ၁၂ ကျော် အချိန်တွင် မခင်မျိုး (၃၈) နှစ်သည် ဘော်လကာ ၀တ်ရုံခြုံလျက် မျက်မှန်တပ်ကာ ချွေးမဖြစ်သူ မမျိုးသန္တာစိုး (၁၇) နှစ်နှင့်အတူ နှင်းဆီပန်း ၁၀၀၀၀ ကျပ်ဖိုး ၀ယ်ယူ၍ အရှေ့ဘက်မုဒ် စောင်းတန်းအနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အား အောက်သို့ချ၍ လည်းကောင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့သဖြင့် ဂေါပကအဖွဲ့မှ ခေါ်ယူမေးမြန်းပြီး ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း သိရသည်။

Eleven Media Group