မိုးရာသီ၌ နေရောင်ခြည်ကာကွယ်ဆေး အသုံးပြုသင့်သလား

ပို့စ်တင်ချိန် - 6/22/2013 12:56:00 PM


နေရောင်ဒဏ်ကာကွယ်သည့် လိမ်းဆေးများအား  မိုးရာသီအချိန်ကာလ၌ သုံးစွဲပါက အရေပြားခြောက်သွေ့မှုကို ပိုမိုဆိုးဝါးလာနိုင်ကြောင်း အရေးပြားအထူးကု ဆရာဝန်ကြီးများထံက သိရသည်။

မိုးရာသီတွင် ခရမ်းလွန်ရောင်ခြည်(UV)ကျရောက်ချိန်၌ နေရောင်ကာကွယ်သည့်လိမ်းဆေးများကို လွဲမှား၍ သုံးစွဲခြင်းကြောင့် အရေပြားခြောက်သွေ့မှု ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

“အခုလို မိုးရာသီမျိုး အပြင်ထွက်ရင် မိန်းကလေးအများစုက ထုံးစံအတိုင်း အပြင်ထွက်ရင် နေရောင်ကာကွယ် တဲ့  ဆေးတွေလိမ်းကြတယ်။ တကယ်က အခုလိုအချိန်မျိုးမှာ နေရောင်ထက် UV ရောင်ခြည်တွေပဲ ကြတာပါ၊ ဒီတော့ သုံးတဲ့ပစ္စည်းလွဲနေတော့ ငွေလည်းကုန် အသားအရေလည်း ပျက်စီးဖြစ်တာပေါ့” ဟု အရေပြားရောဂါကု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။

ထို့အပြင် အဆီပြန်သည့်အသားအရေမျိုးဆိုပါက အစိုထိန်းဆေးကဲ့သို့သော ပစ္စည်းများ အသုံးပြုရန် မလိုအပ် ဘဲ အစိုဓာတ်နည်းပါးသည့် မိတ်ကပ်မျိုးကိုသာ အသုံးပြုသင့်ကြောင်း၊ မိမိအသုံးပြုနေသည့် မိတ်ကပ်တွင် ပါဝင် သည့် ဓာတ်များအားသိရှိအောင် ဆောင်ရွက်သင့်ကြောင်း အရေပြားရောဂါကုဆရာဝန်များက အကြံပြုပြောဆို ကြသည်။

“ ကျွန်မတော့ ပုံမှန်အနေနဲ့ နေ့ခင်းဆိုရင်တော့ Day Cream ခံပြီး အပေါ်က မိတ်ကပ် ပါးပါးလေးလိမ်း ဖြစ် တယ်၊ ကုမ္ပဏီ ၀န်ထမ်းဆိုတော့ ဒါတွေက လိုအပ်တယ်လေ၊ ညကျရင်တော့ Night Cream တွေ ဘာတွေ မသုံးဖြစ်ဘူး၊ ဒီအတိုင်း မျက်နှာသစ်ပြီး အိပ်လိုက်တာပဲ၊ မျက်နှာကြေးချွတ်တာတို့ ဘာတို့ကျတော့လည်း ပုံမှန် မလုပ်နိုင်ဘူး” ဟု အသက် ၂၃ နှစ်အရွယ် မကျော့ကေခိုင်က ပြောသည်။

အလွန်ခြောက်နေသောအသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကို လိမ်း သင့်ပြီး ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် တစ်ကြိမ်တစ်ခါအတွက် အလွယ်နည်းသာ ဖြစ် ကြောင်း ရေရှည်မှာကိုယ့်၏ ပျက်စီးခြောက် သွေ့နေသည့် အပေါ်ယံအသားလွှာကို ဆဲလ်အသစ်မြန်မြန် လဲစေဖို့ exfoliate တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်ပေးခြင်းဖြင့် တင်းရင်းလှပသော အသားအရေကို ပိုင်ဆိုင်နိုင် ကြောင်း မိတ်ကပ်ပညာရှင် ခြူလဲ့ဝင်းက သုံးသပ်ပြောသည်။

“ အထူးသဖြင့် သာမန်လူတန်းစားမှုတွေက အရေပြားထိန်းသိမ်းမှုမျိုးကို အွန်လိုင်းမှာ တွေ့တာမျိုးတို့၊ သူငယ်ချင်းတွေ ပြောတာကြားတာတွေနဲ့ လျှောက်လုပ်ကြတယ်၊ မိန်းကလေးတွေ ပိုဆိုးတယ်၊ ဥပမာဆိုရင် အသားအရေလေး စိုနေအောင်ဆိုပြီး Moisturizer များများ လိမ်းကြတယ်၊ အဲဒါမျိုးက မလိုအပ်ဘဲ လိမ်းတာ များရင် အရေပြားပေါ်က ဆဲလ်တွေ သေပြီး အရေပြားခြောက်တာတို့၊ မျက်နှာဆိုရင်လည်း ၀က်ခြံထွက်လွယ် တာတို့တွေလို ဖြစ်တတ်တယ်” ဟု အရေပြားဆရာဝန်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့အလှကုန်ပစ္စည်းဈေးကွက်အတွင်း UV ကာကွယ်သည့် အလှကုန်များ၊ Moisturizer အမျိုးမျိုး၊ Toner အမျိုးမျိုး၊ Day Cream Night Cream ကဲ့သို့သော အမျိုးသမီးသုံးအမှတ်တံဆိပ်အမျိုးမျိုး အလှကုန် များ ရောင်းအားသိသိသာသာ   မြင့်တက်လာပြီး တရုတ်ကဲ့သို့ အာမခံချက်မရှိသည့် တံဆိပ်များလည်း ရှိနေသည်။

မြစ်မခ