မလေးရှား၊ ထိုင်း ၊ စင်ကာပူတို့မှ ပြန်လာသူများကို အိမ်အလှဆင်လုပ်ငန်းတွင် အလုပ်ပေးမည်

ပို့စ်တင်ချိန် - 6/28/2013 10:55:00 AM


မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မှန်၊ အလူမီနီယံ၊ စတီး၊ သံပန်း မျက်နှာ ကျက်နှင့် အိမ်အလှဆင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သော လုပ်သားများကို တစ်လလျှင် လစာ ကျပ်နှစ်သိန်းမှသည်
လေးသိန်းအထိပေးကာ အလုပ်ခန့်ထားပေးမည်ဟု "တိုးဝါ" အိမ်အလှဆင်လုပ်ငန်းပိုင်ရှင် ဦးတိုးဝါက ပြောသည်။

''အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်မယ်။ နိုင်ငံခြားမှာ နှစ်နှစ်လုပ်ဖူးရမယ်။ တကယ် တတ်ကျွမ်းမယ် ဆိုလို့ ရှိရင်၊ နောက်နှစ်နှစ်အထိ လုပ်နိုင်မယ်ဆိုလို့ရှိရင်၊ ကျပ်နှစ်သိန်းကနေ လေးသိန်း ပေးပါမယ်။ လိုအပ်ရင် ဖုန်းကအစ ကူညီပေးပါမယ်။ ဖုန်းလည်း အပိုင်ပေးပါမယ်'' ဟု ဦးတိုးဝါက ပြောသည်။

လောလောဆယ်တွင် လိုအပ်သည့် လုပ်သားအင်အားကို ကန့်သတ်မထားဘဲ အလုပ်လျှောက်ထားသူများ၏ ပညာအရည်အချင်းကိုလည်း ဖေါ်ပြရန်မလိုပေ။ ''ကျွန်တော်တို့က စက်ရုံတွေ ဆောက်နေတယ်ဗျာ။ တကယ် လုပ်နိုင်မယ်ဆိုလို့ရှိရင် ပညာအရည်အချင်းမလိုဘူး။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ ဒုက္ခတွေ ရောက်နေတယ်။ အဲဒါကို စာနာတဲ့ အနေနဲ့ ကျွန်တော် ဒီမှာ အလုပ်ခန့်တာပါ'' ဟု ဦးတိုးဝါ က
ပြောသည်။

လုပ်ကိုင်မည့် အလုပ်သမားဝန်ထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ၊ ဆိုင်တွင်လုပ်ကိုင်မည့်သူများအား တိုက်ခန်းတွင် သင့်လျော်သလို စုစည်းနေရာချပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ သွားလာရာတွင် အကြို၊ အပို့ဖယ်ရီကား ထားရှိမည်ဖြစ်သည်။

လာရောက်အလုပ်လျှောက်လိုသူများ အနေဖြင့် အမှတ် ၇ဝ၊ ရွှေဂုံတိုင်လမ်းမကြီး၊ တိုးဝါမှန်၊ အလူမီနီယံ ကစလခ စတီး၊ သံပန်း၊ မျက်နှာကျက်နှင့် အိမ်အလှဆင်ရေးသို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

မည်သူမဆို စုံစမ်းမေးမြန်းနိုင်ပြီး အလုပ်ခန့်မှုကို မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အလုပ်အကိုင်နေရာချထားရေး ဌာန တာဝန်ရှိသူများဖြင့် ညှိနှိုင်းကာ ဥပဒေနှင့်အညီ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှလည်း မလေးရှားမှ ပြန်လာသည့် မြန်မာ့ အလုပ်သမားများထဲမှ ပြည်တွင်း၌အလုပ်ပြန်ဝင်လိုသည့် သူများကို ရန်ကုန်လေဆိပ်နှင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနများတွင် စာရင်းကောက်ယူလျက်ရှိသည်။

နေမျိုး
Mizzima