ချင်းမိုင်တွင် ပြသရန်အတွက် မြန်မာ့ဆင်ဖြူတော်အား ခြောက်လကြာ ငှားရမ်းရန် ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုကို ငှားရမ်းရန် အစီအစဉ် မရှိကြောင်း သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 6/19/2013 09:29:00 AM

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြသရန်အတွက် မြန်မာ့ဆင်ဖြူတော်အား ခြောက်လကြာ ငှားရမ်းရန် ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုကို ငှားရမ်းရန် အစီအစဉ် မရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Forum for East Asia-Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul တို့သည် ဇွန် ၁၃ ရက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် ထိုင်းအစိုးရမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် "ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန် ဆက်သွယ်မှု (၆၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာတွင် မြန်မာ့ဆင်ဖြူတော်အား ထိုင်းနိုင်ငံသို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် ထိုင်းပြည်သူများ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း" ထိုင်းဘက်က ကမ်းလှမ်းခဲ့သည်ဟု ဇွန် ၁၈ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းအစိုးရ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က "မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ဆင်ဖြူတော်အား လာရောက်ကြည့်ရှု နိုင်ရေးအတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်းနှင့် ဆင်ဖြူတော် လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင်ကြောင်း" စသည့်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆင်ဖြူတော် အထီးနှစ်စီး၊ အမခြောက်စီး စုစုပေါင်း ရှစ်စီးရှိကြောင်းနှင့် ဆင်ဖြူတော် ငါးစီးအား နေပြည်တော်တွင် ထားရှိပြီး သုံးစီးအား ရန်ကုန်မြို့တွင် ထားရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနရှိ တိရစ္ဆာန်ဥယျာဉ်များ ဌာနမှ စုံစမ်းသိရှိရသည်။
Eleven