ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်မတော်တဆဖြစ်ပွားရာမှ၊ ဆွစ်ဇာလန်နိုင်ငံသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 6/08/2013 12:56:00 AM

ရန်ကုန်-နေပြည်တော် အမြန်ကားလမ်း၏ မိုင်တိုင် ၁၈ဝ/၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကားနှစ်စီး ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လမ်းဘေးထိုးကျခဲ့သဖြင့် ကားနှစ်စီးပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးကြောင်း အမြန်လမ်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်ပွားမှုမှာ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က အမြန်လမ်း မိုင်တိုင် ၁၈ဝ/ ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ လိုက်ပါလာသော ၁င/---- ဗင်ကား အဖြူရောင်ကို ၉င/---- ပါရာဒိုအမျိုးအစားကားက ကျော်တက်ရာမှ ယာဉ်မတော်တဆ ဖြစ်ပွားကာ လမ်းဘေးထိုးကျခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ယာဉ်နှစ်စီး မတော်တဆ ဖြစ်ပွားမှုကြောင့် ၁င/---- AD Van အမျိုးအစားကားမှ ဒေါ်သင်းသင်းခိုင် (၅ဝနှစ်) နှင့် ဒေါ်ကြည် (၇၅နှစ်) တို့ သေဆုံးခဲ့သည်။ ထို့အတူ ၉င/---- ပါရာဒို အမျိုးအစား ကားမှ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ပါရာဒိုကားတွင် အင်္ဂလန်နိုင်ငံသား အမျိုးသား တစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပြင် ယာဉ်မောင်း အမျိုးသားတစ်ဦး တို့ လိုက်ပါလာခြင်းဖြစ်ပြီး ၄င်းတို့အနက် ဆွစ်ဇာလန်နိုင်ငံသားမှာ သေဆုံးသွားခြင်း ဖြစ်သည်။ ပါရာဒိုကားတွင် လိုက်ပါလာသော အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေလျက်ရှိရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်။

ထို့အတူ ၄င်းပါရာဒိုကားတွင် လိုက်ပါလာသည့် အင်္ဂလန်နိုင်ငံသား တစ်ဦးကိုလည်း ခုတင် ၁ဝဝဝ ဆေးရုံ၌ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မည်သည့်ထိခိုက်မှုမျှမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အခင်းဖြစ်ပွားပြီး ခုနစ်မိနစ်အတွင်း အနီးရှိ အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမှ တာဝန်ရှိသူများ ချက်ချင်းရောက်ရှိလာကာ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ပေးခဲ့ကြသည်။ အမြန်လမ်းပေါ်တွင် မောင်းနှင်သွားလာနေကြသော ယာဉ်မောင်းများ အနေဖြင့် မိုးရာသီ ရောက်ရှိလာပြီဖြစ်ရာ မိုးရေများကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း မောင်းနှင်ကြရန် အမြန်လမ်း တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။