မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား

ပို့စ်တင်ချိန် - 6/20/2013 08:57:00 AM

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် မလေးရှားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနေစဉ်

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုများတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ဇွန် ၁၈ ရက် ညနေပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ပတ်သက်လို့ အာမခံတယ်။ သံရုံးဝန်ထမ်းတွေ ပိုက်ဆံယူတယ်ဆိုတာ ကျွန်တော်လည်း အဖြစ်မခံဘူး။ ဒီအချိန်မှာ သူတို့ဒုက္ခရောက်လို့ ပြန်တဲ့အချိန် ပိုဆိုးတာပေါ့။ ကျွန်တော်တို့ ၀န်ထမ်းတွေလည်း မှာထားပါတယ်။ ဖြစ်လာလို့ရှိရင် သံရုံးဝန်ထမ်းက ယူတယ်လို့ တိတိကျကျ စွပ်စွဲလို့ရှိရင် သံအမတ်ကြီးလည်း သံအမတ်ကြီး ရာထူးကနေ ထွက်သွားပါမယ်။ ကျွန်တော် အဲလောက်အထိ အာမခံတယ်။ ရဲရဲတင်းတင်း အာမခံပါတယ်။ သံရုံးက ပါတယ်ဆိုရင် ရာထူးက ထွက်သွားတဲ့အထိ တာဝန်ခံပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုသူ တရားမ၀င် အလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှ ထုတ်ပေးသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားနှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ဌာနေပြန်ခွင့် စိစစ်ခြင်း စသည့်အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားကို အခမဲ့ အနေဖြင့် နေချင်းပြီး ထုတ်ပေးလျက် ရှိနေပြီး မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ ခွင့်ပြုသော ဌာနေပြန်ခွင့်ကို ပုံမှန်အားဖြင့် သုံးလစောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း၏ တောင်းဆိုချက်အရ ရက်ပိုင်းအတွင်း ပြန်လိုသူများအတွက် သံရုံး၏ ကိုယ်စားလှယ်လွှဲ ထောက်ခံစာဖြင့် လျှောက်ထားမှုများ စတင်ပြီးချိန်တွင် ရက်ပိုင်းအတွင်း ပြန်နိုင်သူများ ရှိလာခဲ့သည်။ ထိုသို့ ပြန်ရန်အတွက်လည်း ငွေကြေးကုန်ကျမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
သို့သော် မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း ပြန်လိုသူ အရေအတွက် တိုးလာချိန်တွင် ပွဲစားများကို ကြားခံထားပြီး ရက်ပိုင်းအတွင်း ပြန်နိုင်ရန်အတွက် လာဘ်ပေးပြီး ဆောင်ရွက်နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။
"အရင်တုန်းက သုံးလကြာတာကို ဘာမှမပြောဘူး။ ဒီလိုပဲ စောင့်ခဲ့ကြတယ်။ အခုကျတော့ သူတို့မှာ စိုးရိမ်ပူပန် စိတ်လေးတွေနဲ့ ရက်ကြာရင် သူတို့မှာ အန္တရာယ်များ ဖြစ်မလားဆိုပြီး မြန်မြန်ပြန်ချင်တဲ့စိတ် ပေါ်လာတာကိုး။ အရင်က ဒီသုံးလ ဆိုတာကို ဘယ်သူမှ မပြောဘူး။ အခုမှ မြန်မြန်ပြန်ချင်တာတွေ ဖြစ်လာတယ်ဆိုတော့ သူတို့ကို (မလေးရှား) သွားပြီး စွပ်စွဲလို့လည်း မကောင်းဘူး။ မြန်မာပြည်မှာ လိုပေါ့။ လိုင်းရှိတယ်လေ။ အဲဒါတွေက သံရုံးနဲ့လည်း မဆိုင်ဘူး" ဟု ဦးတင်လတ်က ပြောကြားသည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးသို့ သံရုံး၏ ကိုယ်စားလှယ် လွှဲစာဖြင့် ပေးပို့မည် ဆိုပါက အဆိုပါ ကိုယ်စားလှယ် လွှဲစာကို သံမှူးအဆင့်က လက်မှတ်ရေးထိုး ရသဖြင့် အလွယ်တကူ မရရှိနိုင်ကြောင်း သိရသည်။

Eleven Media