တိုင်းမ်မဂ္ဂဇင်းကို ပိတ်ခြင်းက ယခင် အစိုးရလက်ထက် ပြန်ရောက်သလိုဟုဆို

ပို့စ်တင်ချိန် - 6/27/2013 01:45:00 PM


ဦးဝီရသူ ဆောင်းပါး ပါဝင်သည့် ဇူလိုင် လတစ်ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းအား မြန်မာနိုင်ငံတွင်း ဖြန့်ချိခွင့် ပိတ်ပင်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မေးခွန်းထုတ်စရာဖြစ်နေပြီး ယခင် အစိုးရလက်ထက်သို့ ပြန်ရောက်သွားသလိုဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကိုပြောသည်။

၎င်းက ''အရင်ကတော့ တစ်လျှောက်လုံး မြန်မာပြည် အကြောင်း ကာဗာစတိုရီ တင်သမျှ နယူးစ်ဝိခ်၊ တိုင်မ်း ဘယ်စာစောင်မဆို စာမျက်နှာတွေဖြုတ်ပြီးတော့ လာခဲ့တယ်။ အဲဒီ့ခေတ် အဲဒီ့ ကာလကို ပြန်ရောက်သွားသလို ဖြစ်နေပြီလား။ မြန်မာပြည်က ဂျာနယ်လစ်တွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲ'' ဟု ပြောဆိုလိုက်သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း တိုင်းမ်မဂ္ဂဇင်းဖြန့်ချိခွင့် ပိတ်ပင်ခြင်းကို သဘောမကျကြောင်း၊ တိုင်းမ်မဂ္ဂဇင်းသည် ပြည်တွင်း၌ ရောင်းချခွင့်မရှိသော်လည်း အင်တာနက်မှတစ်ဆင့် ဖတ်နိုင်သောကြောင့် ပိတ်ပင်သောနည်းလမ်းသည် အကျိုးမရှိသဖြင့် ထိုနည်းအစား ဆောင်းပါးရေးကာ ပြန်လည်တုံ့ပြန်ခြင်း မျိုးကိုသာ သုံးသင့်သည်ထင်ကြောင်း ဆိုသည်။

ဦးဝင်းတင်က ''အင်တာနေရှင်နယ် မီဒီယာဆိုတာ ပြည်တွင်းကလို သူတို့လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူတို့ရေးသင့်ရင် ရေးမှာပဲ။ သတင်းဖြစ်ရင် ရေးမယ်။ အယူအဆ ရှိရင်ရေးမှာပဲ။ ဒီလိုပိတ်ပင်ခြင်းလုပ်ရင်
ပြည်တွင်းမှာလည်း ပိတ်ပင်တာတွေ တားတာ ဆီးတာ ပိတ်ပင်တာ။ နောက်ပိုင်းကျရင် ဒီကနေတစ်ဆင့် သတင်းထောက်တွေကို ပိတ်တာပင်တာ ဒါတွေလည်း အများကြီးပေါ်လာ နိုင်တာပေါ့'' ဟု မဇ္ဈိမကို
ပြောသည်။

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် တိုင်းမ် မဂ္ဂဇင်းတွင်ပါသော "The Face of Buddhist Terror" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း၌ မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန်လ ၂၅ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုအရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီကို ယခုနှစ် မတ်လ ၃ဝ ရက်က သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုက ဥက္ကဋ္ဌအဖြစ်ပါဝင်ကာ အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုဆောင်းပါးကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ (၁) ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံဖြင့်ဖော်ပြ ထားခြင်းဖြစ်ပြီး ဆောင်းပါးတွင် ဦးဝီရသူ သည် အမုန်းတရားများကို ဟောနေကြောင်း၊ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်အချို့သည် သွေးဆူနေသည်ဟု စွပ်စွဲရေးသားထားသည်။

ထိုသို့ရေးသားခြင်းသည် သတင်းကျင့်ဝတ်အရ မှားယွင်းပြီး တစ်ဖက်စောင်းနေသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးသီဟစောက သူ့အမြင်ကိုပြောသည်။ သို့သော် ဖြန့်ချိခွင့် ပိတ်ပင်ခြင်းကိုမူ သဘောမကျကြောင်း ဆိုသည်။

တိုင်းမ်မဂ္ဂဇင်းအား ပိတ်ပင်ခြင်းအပေါ် ပြည်တွင်းမှ သတင်းသမားများအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်အား ထိပါးမည်ကို စိုးရိမ်ကြပြီး ပြည်တွင်းမှ သတင်းစာ၊ ဂျာနယ်များကိုလည်း ပိတ်ပင်မှုများလုပ်လာမည်ကို စိုးရိမ်နေကြသည်။

ဦးကျော်မင်းဆွေက ''ဒီလိုပိတ်ပင်မယ်ဆိုရင် အယ်လ်ဂျာဇီးယားလို တီဗွီ Channal မျိုးက ဒါမျိုးလုပ်နေတာ ကြာပြီ။ နောက်တစ်ခါ နယူးယောက်တိုင်းမ်မှာလည်း ဒါမျိုးဖော် ပြတာရှိတယ်။ နောက်တစ်ခါ ဒီပလိုမက် စာစောင်မှာလည်း ဒီလိုဖော်ပြတာမျိုးရှိတယ်။ ပိတ်မယ်ဆိုတဲ့ ရှုထောင့်ကကြည့်ပြီး လိုက်ပိတ်မယ်ဆို ပိတ်စရာတွေ အများကြီးကျန်မယ်။
ဒါပေမယ့် အဲလို လိုက်ပိတ်ခြင်းဖြင့် ပြဿနာပြေလည်လားဆိုတော့ ပြေလည်တယ်လို့ မထင်ဘူး'' ဟု ၎င်း၏ အမြင်ကို ပြောဆိုလိုက်သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese