ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌဆို

ပို့စ်တင်ချိန် - 6/20/2013 05:00:00 PM


ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ ခုတုံးလုပ် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဇွန် ၁၈ ရက်က မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတွင် ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမှန်ပပျောက်ေ လေိုသည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်းနှင့် ထာဝငြိမ်းချမ်ရေးအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် လက်တွဲဆောင်ရွက်၍ရသော အရာများမှစ၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် မည်သည့်အကြောင်းများကြောင့် ထိရောက်မှု မရှိပါသနည်းဟူသော မေးခွန်းကို "တပ်မတော်ပိုင်း ခေါင်းဆောင်တွေက ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ ရည်မှန်းချက်ကို အမြင်သဘောထား ကွဲလွဲနေလို့ပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြန်လည်ဖြေကြားသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် လာဘ်စားမှုများနှင့် ပတ်သက်၍ "ကျွန်တော်တို့မှာ သက်သေမရှိလို့ မပြောနိုင်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး စိုက်ပျိုးရန် ထောက်ပံ့မှုများ မရှိသဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြား လာသည်ဟု မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
RCSS/SSA အဖွဲ့ အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ထွက်ပေါ်လာသော ရလဒ်များအပေါ် မူတည်ကာ ပါတီဖွဲ့စည်းရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
RCSS/SSA အဖွဲ့အနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး အပြန်တွင် မန္တလေးရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။