အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှု ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ

ပို့စ်တင်ချိန် - 7/22/2013 05:16:00 PM


ဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို သံဃာနှင့် လူထုအင်အား စုစုပေါင်း ၁၅၀ ခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့ကြသည်။

ဗုံးပေါက်ကွဲမှုမှာ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၁၃ လုံး အနက် ကိုးလုံး ပေါက်ကွဲခြင်းဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှုအထိမ်းအမှတ်နယ်မြေဖြစ်သည့် ဗုဒ္ဓဂယာအား ဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုလည်း ဆန့်ကျင်သည်ဟု ဆန္ဒပြသူတို့က ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲသည် တရားဝင်ခွင့်ပြုချက်ရယူပြီးမှ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် တရားခံများကို အိန္ဒိယအစိုးရက ထိရောက်စွာ အရေးယူပေးရန်လည်း မြန်မာဘုန်းတော်ကြီးအချို့က ဆန္ဒရှိနေသည်။ “အိန္ဒိယအစိုးရကို ဘုန်းဘုန်းတို့ မိန့်ချင်တာက ဖောက်ခွဲတဲ့ အကြမ်းဖက်သမားကို ထိထိရောက်ရောက် အရေးယူပေးပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်း တိပိဋိ ကတ်သုံးပုံ နိကယ်စာသင်တိုက် ဆရာတော် ဦးပညိန္ဒက မဇ္ဈိမကို မိန့်သည်။

ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်တို့၏ မပာာမြေဖြစ်ပြီး၊ ဘုရား၏ သမိုင်းနှင့် ယဉ်ကျေးမှုရှိသည့်နေရာဖြစ်သည့်အတွက် ထိထိရောက်ရောက်အရေးယူမှသာ နောင်တွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသမိုင်းများကို အကြမ်းဖက်သူများ ပပျောက်သွားမည်ဖြစ်ကြောင်းလည်း ဆရာတော် ဦးပညိန္ဒိက မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲသည် မည့်သည့်ဘာသာကိုမျှထိခိုက်စေမည့်ပွဲမဟုတ်ဘဲ ဗုဒ္ဓဂယာအားဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုသာ ရှုတ်ချဆန္ဒထုတ်ဖော်သည့် ပွဲသာဖြစ်သည်ပုာ ထေရဝါဒ ဓမ္မကွန်ယက်အဖွဲ့၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် ရှေ့နေဦးအေးပိုင်ကပြောသည်။

“ဒီပွဲပာ အခြားဘယ်ဘာသာကိုမှ ထိခိုက်ရှုတ်ချတဲ့ပွဲ မဟုတ်ပါဘူး။ ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲတဲ့သူတွေကိုဘဲ ရှုတ်ချတာပါ။ ဒီပွဲကိုလုပ်ဖို့ သက်ဆိုင်ရာကို တင်ထားတာ ကြာပါပြီ။ အကြောင်းအမျိုးကြောင့် ခွင့်ပြုချက်ရဖို့ နောက်ကျနေတော့ ဒီနေမှ လုပ်ဖြစ်တာပါ” ဟု ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မဟာချုလာတက္ကသိုလ်မှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာများ ဦးဆောင်ကာ နိုင်ငံတကာ သံဃာတော်များက ဘန်ကောက်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် ဇူလိုင် ၁၀ ရက်က မေတ္တာပို့သ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် သံဃာတော်များ၊ သီလရှင်များနှင့် လူထုအပါအဝင် စုစုပေါင်း ၃၀ဝ ခန့်က ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယင်းအပြင် ဇူလိုင် ၈ ရက်ကလည်း အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ် ကျောင်းများ သမဂ္ဂ၊ All India Bhikhu Sangah နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသေးသည်။

ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ တစ်ဦး၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့ကလည်း သံသယရှိသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။

စောဇင်ညီ၊ ယုဝေ
Mizzima - News in Burmese