သမ္မတနဲ့ ဘာသာပေါင်းစုံတွေ့ဆုံ

ပို့စ်တင်ချိန် - 7/22/2013 05:16:00 PM


သမ္မတ ဦးသိန်းစိန်ဟာ ဥရောပခရီးစဉ်ကနေ မကြာခင်က ပြန်ရောက်လာပြီးနောက် မနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တို့နဲ့ တွေ့ဆုံပြီး ပြည်တွင်းက ပဋိပက္ခတွေကို ပြည်ပက လူ့အခွင့်အရေးရှုထောင့်ကနေ ဘယ်လို သဘောထားတယ်ဆိုတာ တွေ့ဆုံပြောကြားခဲ့ပါတယ်။

ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြောကြားရာမှာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဝေဖန်ပြောဆိုမှုရှိသလို၊ ဘာသာတစ်ခုကို အပျောက်ရှင်းတဲ့လုပ်ရပ်လို့ ဝေဖန် ပြောဆိုတာတွေလည်း ရှိကြောင်း သမ္မတက ရှင်းလင်း ပြောကြားခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုဥက္ကဌ ဦးညွန့်မောင်ရှိန်က ဘီဘီစီကို ပြောပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းပြီး နိုင်ငံတကာရဲ့ အဲဒီ အမြင်တွေကို ချေဖျက်ဖို့လည်း သမ္မတက တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းပြီး ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဲဒီကော်မတီက နိုင်ငံတကာရဲ့ မြန်မာနိုင်ငံ အစိုးရအပေါ် မြင်နေတဲ့ အမြင်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဦးညွန့်မောင်ရှိန်က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)