ပြင်သစ်ရှိ ဟိုတယ်တွင် ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ရတနာများအား ဓားပြတိုက်မှုဖြစ်

ပို့စ်တင်ချိန် - 7/31/2013 12:16:00 PM


ဓားပြတစ်ဦးသည် ကိန်းရှိ အဆင့်မြင့် ဇိမ်ခံဟိုတယ် တစ်ခုကို သေနတ်တစ်လက် ဝှေ့ယမ်းခြိမ်းခြောက်ကာ ဝင်ရောက် စီးနင်းခဲ့
Posted on Jul 31 13 - 10:52 AM | Hits : 34

ပြင်သစ်နိုင်ငံတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ဖြစ်ပွားသော ဓားပြမှု တစ်ခုအတွင်း ဒေါ်လာ သန်း(၅၀)မျှ တန်ဖိုးရှိ လက်ဝတ်ရတနာများ ပါသွားခဲ့ကြောင်း သိရှိရသည်။ ဓားပြတစ်ဦးသည် ကိန်းရှိ အဆင့်မြင့် ဇိမ်ခံဟိုတယ် တစ်ခုကို သေနတ်တစ်လက် ဝှေ့ယမ်းခြိမ်းခြောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရတနာပစ္စည်းများကို ရယူကာ လုံခြုံရေးများ ရောက်မလာခင် တိမ်းရှောင်သွားခဲ့ခြင်းဟု သိရသည်။ ပြင်သစ် ရဲတပ်ဖွဲ့သည် ကိန်းစ်မြို့ရှိ ကာလ်တန် အင်တာကွန်တီနန်တယ်လ် ဟိုတယ်၌ ဖြစ်ပွားခဲ့သော ဓားပြမှုကို ခြေရာခံနေဆဲ ဖြစ်သည်။

ယင်းဟိုတယ်သည် မြေထဲပင်လယ်မှ ကမ္ဘာ့အချမ်းသာဆုံး၊ အကျော်ကြားဆုံး လူပုဂ္ဂိုလ်များ ဆုံဆည်းရာ နေရာတစ်ခုလည်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ရဲတပ်ဖွဲ့က Pink Pantherအမည်ရှိ လက်ဝတ်ရတနာ သူခိုးဂိုဏ်း တစ်ခုသည် အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားကြောင်း မကြာသေးမီကမှ ကြေညာထားသေးသည်။ ယခုဓားပြမှုသည် (၁၉၅၅)ခုနှစ်က အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ ရိုက်ကူးသည့် To Catch a Thief ဇာတ်ကားမှ ဇာတ်ဝင်ခန်းမျိုးနှင့်ပင် ဆင်တူကြောင်း ဝေဖန်မှုများ ရှိနေသည်။

ဟိုတယ် မန်နေဂျာ ဌာနကမူ ယခုဖြစ်စဉ်အပေါ် သတင်းဌာနများက ဖုန်းဆက် မေးမြန်းမှုအတွက် တစ်စုံတစ်ရာ ဖြေဆိုခြင်း မရှိချေ။ သတင်းဌာနများက ပျောက်ဆုံးသွားသော ပစ္စည်းတန်ဖိုးသည် ဒေါ်လာ သန်း(၅၀)ကျော်မျှ ရှိနိုင်ကြောင်း ဖော်ပြနေသည့်တိုင် အာဏာပိုင် အဖွဲ့အစည်းများက ပစ္စည်းတန်ဖိုးကို အတည်မပြုနိုင်သေးဟုသာ ပြောကြားထားသည်။ ခိုးယူခံရသော ရတနာ ပစ္စည်းများသည် Levievစိန်တိုက်မှ ပြသထားသည့် ပြပွဲတစ်ခုမှဟုလည်း ဖော်ပြနေပြီး Levievကလည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

လူတစ်ဦးသည် လည်စည်းဖြင့် မျက်နှာကို ဖုံးကွယ်ပြီး ဦးထုပ်ကို ငိုက်ငိုက်ဆောင်းကာ ဟိုတယ်ထဲ ဝင်လာပြီးနောက် ပစ္စတိုတစ်လက်ဖြင့် ခြိမ်းခြောက်ကာ ပြခန်းထဲ ဝင်သွားခြင်းဟု ဆိုသည်။ ထိုအချိန်က ပြခန်းထဲတွင်လည်း လုံခြုံရေး အစောင့်အချို့ ရှိနေသည်။ "ဖြစ်သွားတာ အရမ်းမြန်တယ်။ ဘာမှတော့ အကြမ်းပတမ်း မကြုံလိုက်ဘူး"ဟု အစိုးရ ရှေ့နေရုံးက မျက်မြင်များ၏ အဆိုကို ကိုးကား ပြောကြားခဲ့သည်။ အဆိုပါ ဓားပြမှုသည် ယခုနှစ်အတွင်း ကိန်းတွင် ပေါ်ပေါက်လာသည့် တတိယမြောက် အထင်ကရ ကျောက်မျက်ရတနာ လုယက်မှုကြီးလည်း ဖြစ်လာကြောင်း သိရှိရသည်။