နာမည်ကြီးပြည်ပအချိုရည်အများစု ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေသော်လည်း မြန်မာကမမှု

ပို့စ်တင်ချိန် - 7/23/2013 01:42:00 PM


အမေရိကန်အခြေစိုက် Coca Cola ကုမ္ပဏီအပြင် ပြည်ပနာမည်ကြီးအမှတ်တံဆိပ် အချိုရည်အများစု ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု များရှိလာခြင်းကြောင့် ပြည်တွင်းအချိုရည် စက်ရုံများ ဈေးကွက်ပျောက်ဆုံးနိုင်သည်ဟု သုံးသပ်မှုများရှိနေသော်လည်း Blue Mountain အမှတ်တံဆိပ် ပြည်တွင်းအချိုရည်စက်ရုံမှ ထပ်မံအင်အားတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအချိုရည်ထုတ်လုပ်သည့် လွယ်ဟိန်းကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆန်ထွန်းက မဇ္ဈိမသို့ ထုတ်ဖော်ပြောသည်။

Blue Mountain အမှတ်တံဆိပ်အချိုရည် စက်ရုံခွဲတစ်ခုအား ယခုနှစ်အတွင်း မန္တလေးမြို့၌ ထပ်မံတည်ဆောက်၍ လာမည့်နှစ်တွင်
ထုတ်လုပ်မှုတိုးချဲ့သွားမည်ဖြစ်ကာ ပြည်ပကုမ္ပဏီများအနေဖြင့် အရှိန်အဟုန်မြှင့် အင်အားတိုးချဲ့ဆောင်ရွက်မှုမပြုမီ ဈေးကွက်လက်
ဦးမှု ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။

ဒေါက်တာစိုင်းဆန်ထွန်းက “ပြည်ပ နာမည်ကြီးအချိုရည်အများစု ဝင်လာတော့ ပြည်တွင်းကကုမ္ပဏီတွေ အခက်အခဲဖြစ်နိုင်တယ်လို့ ဝိုင်းပြီးသုံးသပ်ပေးကြတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူတို့(ပြည်ပအချိုရည် စက်ရုံ)တွေအနေနဲ့က စွမ်းအားရှိသလောက်
ပီပီပြင်ပြင်မလုပ်သေးတော့ ထင်သလောက် ရောင်းအားမကျသွားပါဘူး။ ဒီနှစ်ရောင်းအားက မနှစ်ကထက်တောင် ပိုလာသေးတယ်။
ဈေးကွက်ယှဉ်ပြိုင်မှုဖြစ်လာနိုင်တာရှိပေမယ့် ထုတ်လုပ်မှုကို အင်အားထပ်ချဲ့ပြီး မန္တလေးမှာ အချိုရည်စက်ရုံတစ်ရုံ ထပ်မံတည်ဆောက်
သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

Blue Mountain အမှတ်တံဆိပ်အချိုရည် စက်ရုံအနေဖြင့် ယခုနှစ်ဈေးကွက်ဝယ်လိုအား အခြေအနေသည် ယခင်နှစ် ဇန်နဝါရီမှ ဇွန်
အထိ ခြောက်လကာလတူရောင်းအားများနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းပင် တိုးတက်လာခြင်းဖြစ်ရာ ထိုသို့ဈေးကွက်တိုးချဲ့ရန် ပြင်
ဆင်နေခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

ပြည်ပအချိုရည်စက်ရုံအများစု ပြည်တွင်းသို့ ဝင်ရောက်လာခြင်းများကြောင့် လိုအပ်ပါက ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကိုပါ အစုရှယ်ယာ
ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းနိုင်ရန်အတွက် ဂျပန်၊ စင်ကာပူ စသည့်ပြည်ပလုပ်ငန်းရှင်များနှင့် ပြောဆိုထားခြင်းများရှိကြောင်းလည်း
ယင်းက ဆိုသည်။

ဆက်လက်၍ ယင်းက ဈေးကွက်ယှဉ်ပြိုင်မှုများဖြစ်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားကြောင်းနှင့် ပူးပေါင်းပြီး လုပ်ငန်းများတိုးချဲ့ လိုသော ဂျပန်၊ စင်ကာပူနိုင်ငံများနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ထားကြောင်း ပြောသည်။

အဆိုပါ Blue Mountain အမှတ်တံဆိပ် အချိုရည်စက်ရုံအား တိုးချဲ့တည်ဆောက်ခြင်းသည် မန္တလေးမြို့မှ ဒေသခံလုပ်သားဦးရေ
၇၀ဝ နီးပါး အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်သည့်အနေအထားအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနေဖြင့် Coca Cola၊ Pepsi၊ 100 Plus စသည့်အချိုရည်များသည် ဈေးကွက်အင်အားကြီး အချိုရည်များအဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး အခြားသော လူကြိုက်များသည့် နာမည်ကြီးအချိုရည်များကိုလည်း ပြည်တွင်းလုပ်ငန်းရှင်များက ကိုယ်စားလှယ်ယူကာ တင်သွင်း ရောင်းချနေလျက်ရှိသည်။
===========================================
ပုံစာအညွှန်း - Blue Mountain အမှတ်တံဆိပ် ပြည်တွင်းအချိုရည်စက်ရုံတွင် Blue Mountain အချိုရည်ဗူးများ ထုပ်ပိုးမှုပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွယ်ဟိန်း)
Mizzima - News in Burmese