လားရှိုးနန်းဟေဝန်ပန်းခြံ လူသတ်မှု စီစီတီဗွီကင်မရာမှတစ်ဆင့် ဖော်ထုတ်နိုင်

ပို့စ်တင်ချိန် - 7/15/2013 10:34:00 AM

လားရှိုး        ဇူလိုင်       ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်   မြို့နေလူအများ  စိတ်ဝင်တစား စောင့်ကြည့်နေသည့် နန်းဟေဝန် ပန်းခြံလူသတ်တရားခံကို   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၁ဝ ရက်တွင်   ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် အမျိုးသမီးအလောင်းတစ်လောင်းကို  တွေ့မြင်သည့် လူတစ်ဦးက ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် အမှုစစ်အဖွဲ့ ဖွဲ့စည်း ကာ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ  မစန္ဒာဝင်း၏ ထွက်ဆိုချက်အရ   အသတ်ခံရသည့်     မမိုးဆွေဦးနှင့်  အချင်းချင်း စကားများရာမှ   လက်လွန်ကာ  ယခုကဲ့သို့ လူသေသွားသည့်အထိ    ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊  မည်သည့် ရန်ငြိုးရန်စမှ မရှိဘဲ  ဒေါသအလျောက်လက်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့်နေ့ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီဝန်းကျင်တွင် မမိုးဆွေဦးနှင့် နမ္မတူမီးပွိုင့်အနီးရှိ ကမ္ဘောဇ သောက်ရေသန့် လုပ်ငန်း အနီးတွင်တွေ့ရှိကာ   နှစ်ဦးသား သုံးဘီးဆိုင်ကယ်ဖြင့် လားရှိုးမြို့မဈေးကြီးသို့ အတူသွားခဲ့ကြပြီး ထိုမှတစ်ဆင့်    နန်းဟေဝန်ပန်းခြံသို့ လမ်းလျှောက်သွားခဲ့ ကြသည်။ ပန်းခြံအတွင်းရှိ စည်ဘီယာဆိုင်၏ နောက်ကျောဘက်ရှိ ဒုတိယအုတ်ခုံတွင် နှစ်ဦးသား အတူ ထိုင်နေကြပြီး သေဆုံးသူ မမိုးဆွေဦးက  အိတ်အတွင်းတွင်  အသင့်ပါ လာသော  သစ်သီးကို  အသီးအခွံခွာရာတွင်  အသုံးပြုသည့် ဓားငယ်ဖြင့်ခွဲစားနေစဉ် နှစ်ဦးသား  စကားများကြ ကြောင်း၊ ထိုမှတစ်ဆင့်  ကိုယ်ထိလက်ရောက် ရိုက်ပုတ်ကြရာမှ အဆိုပါဓားငယ်ဖြင့် မမိုးဆွေဦး၏နောက်ကျော အားပထမဦးဆုံးထိုးခဲ့ကြောင်း၊ မမိုးဆွေဦးသည် ပက်လက်လှန်လဲကျစဉ် ဝဲဘက်နှင့်ယာဘက်ရင်အုံတို့ကိုပါ   ဆက် တိုက်ထိုးခဲ့ကြောင်း၊ ထို့နောက်မည်သည့်နေရာတွင် ဆက်ထိုးမိသည်ကို မသိတော့ကြောင်း၊ ငြိမ်သက် သွားသည့် မမိုးဆွေဦး၏ ရွှေနားကပ်တစ်ရန်နှင့် ရွှေလက်စွပ်နှစ်ကွင်းတို့ကို ဖြုတ်ယူပြီးလည်ပင်းတွင် ဆွဲထား သည့် ရွှေဆွဲကြိုးကိုဆောင့်ဆွဲရာ တစ်ပိုင်းတစ်စပါလာကြောင်းတို့ကို ၄င်းကိုယ်တိုင်ဖွင့်ဟဝန်ခံချက်များအရ  သိရသည်။

အဆိုပါ အခင်းဖြစ်ချိန်မှာ နေ့ခင်းဖြစ်သော်လည်း တွေ့မြင်သူ တစ်ဦးတစ်ယောက်မျှမရှိသည့်အတွက် ပန်းခြံ အပေါ်ပေါက်မှ  ပြန်ထွက်ကာ  သုံးဘီးဆိုင်ကယ်စီးပြီး ရွှေနားကပ်ကို ''ရွှေလဝင်း''ရွှေဆိုင်တွင်ငွေကျပ် ၅ဝဝဝဝ   ဖြင့်ရောင်းချခဲ့ကြောင်း၊   ထိုမှတစ်ဆင့် မြို့ဈေးကြီးသို့ ပြန်တက်လာကာ ''ဇွဲထက်''ရွှေဆိုင်တွင် ရွှေ လက်စွပ် တစ်ကွင်းကို    ငွေကျပ်  ၆ဝဝဝဝ ဖြင့်   ထပ်မံရောင်းချကာပေးရမည့်အကြွေးများကိုလည်း  ရွှေများ ရောင်းချရ သည့်ငွေများမှ တချို့တစ်ဝက်ကို ပေးချေခဲ့ကာ ဟန်မပျက်အိမ်တွင်နေထိုင်ခဲ့ကြောင်း ယခုကဲ့သို့ တရားခံကို ခုနစ်ရက်အတွင်းဖမ်းဆီးရမိခဲ့သည်မှာ အမှုစစ်အဖွဲ့မှ တွေ့ဆုံစစ်ဆေးခဲ့သော သက်သေများထဲမှ တစ်ဦး၏ ထွက်ဆိုချက်များမှ  စတင်ခြေရာကောက်နိုင်ခဲ့ပြီး မြို့မဈေးအတွင်းရှိ ဈေးခေါင်းရုံးတွင် တပ်ဆင် ထားသည့် စီစီတီဗွီ ကင်မရာမှမှတ်တမ်းတင်ထားသည့် မှတ်တမ်းများအရ လူသတ်တရားခံနှင့်  သေဆုံးသူတို့ နှစ်ဦး အခင်းမဖြစ်ပွားမီ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ဈေးအတွင်းသွားလာနေမှုကို  ခိုင်မာသော သက်သေ များဖြင့်    ပြသစစ်ဆေးရာမှ  ပေါ်ပေါက်လာခြင်းဖြစ်သည်သိရသည်။

ချယ်ရီလှိုင်
News and Periodiacl Enterprise