မကွေးနည်းပညာတက္ကသိုလ် ကထိကလေးဦးက ရွာသားငါးဦးကို အမှုဖွင့်

ပို့စ်တင်ချိန် - 7/30/2013 07:01:00 PM


ဝိုင်းအောင် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

မကွေးမြို့နည်းပညာတက္ကသိုလ်မှ ကထိကလေးဦးက ရွာသားငါးဦးသည် ၎င်းတို့ကို ဆဲရေးတိုင်းထွာပြီး ထိုးကြိတ်သည်ဟု စွပ်စွဲကာမကွေးနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၈ ရက် နေ့လည်က လာရောက်တိုင်ကြားသဖြင့် အမှုဖွင့်ထားသည်ဟု ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

ယခုကိစ္စကို တိုင်ကြားသည့် ကထိကလေးဦးမှာ ဦးအောင်ကိုကိုကျော်၊ ဦးဟန်ထွန်းအောင်၊ ဦးအောင်ဇင်မြင့်နှင့် ဦးအေးငြိမ်းအောင်တို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။

ကထိကလေးဦးသည် ဇူလိုင် ၁၆ ရက်က ဂိမ်းဆိုင်မှ နည်းပညာတက္ကသိုလ်သို့ ပြန်လာကြစဉ် ဘော်ဒါဆောင်တစ်ခု အနီးအရောက်တွင် လမ်းမပေါ်တွင် ဂစ်တာနှင့် ဘီယာပုလင်းများကို ဆောင်လာကြသော ကျောင်းအနီးရှိ ကန်ပြားအရှေ့ရွာမှ ရွာသားငါးဦးနှင့် ဆုံခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တွေ့ဆုံစဉ် ရွာသားများက ကထိကများကို "What is your name"ဟု အော်ဟစ်မေးမြန်းကြောင်း၊ ထို့ကြောင် ကထိကများက “မင်းတို့ ကျောင်းသားတွေလား” ဟု ပြန်မေးမိစဉ် ရွာသားများက မချေမငံဆဲ ရေးတိုင်းထွာမှုများ ပြုလုပ်ကြောင်းကထိကများက ရဲကို ထွက်ဆိုသည်။

ထို့နောက် ကထိကများကကျောင်းသို့ ပြန်လာစဉ် တက္ကသိုလ်အ၀အထိ ရွာသားများကနောက်မှ လိုက်လာပြီး ဆဲရေးတိုင်းထွာကာ ကထိကတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုကျော်၏ နောက်ကျောကို ဘီယာပုလင်းဖြင့် ပစ်ပေါက်သည်ဟုလည်း ကာယကံရှင်က ရဲကိုတိုင်တန်းထားသည်။

ထို့ပြင် အခြားကထိကတစ်ဦးဖြစ်သည့် ဦးဟန်ထွန်းအောင်ကိုလည်း ရွာသားများက လက်သီးများဖြင့် ချိန်ရွယ်ကာ “သတ်ပစ်ရင်တော့ မင်းတို့သေတော့မယ်”ဟု နှုတ်မှပြောကြောင်းလည်း သူတို့ကရဲဌာနတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ကထိကများက အသက် ၂၄ နှစ်အရွယ် ကိုအောင်စိုးမိုး၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုမြင့်၊ အသက် ၂၇နှစ်အရွယ် ကိုအောင်လွင်၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ဆန်းမိုးနှင့် အသက်၂၅ နှစ်အရွယ် ကိုရန်နောင်စိုးတို့ ငါးဦးကို ဆဲရေးမှု၊ ထိုးကြိတ်မှုတို့ဖြင့် ရဲဌာန တွင်စွပ်စွဲတိုင်ကြားထားသည်။

မကွေးနယ်မြေ ရဲစခန်းကလည်း ကထိကများ၏ တိုင်ကြားမှုကို အမှုအမှတ်(ပ)၁၄၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသည့် ရွာသားငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု၊ ပုဒ်မ ၂၉၄ ဆဲရေးမှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၅၀၆ ရာဇ၀တ် မကင်းသောချောက်လှန့်မှုတို့ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။
Mizzima - News in Burmese