ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

ပို့စ်တင်ချိန် - 7/10/2013 01:21:00 PM


ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ ဇူလိုင်လ(၉)ရက်နေ့၌ ၁၉၄၉ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိတို့ နှင့်စပ်လျဉ်းသည့် မေးခွန်းအား ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ မေးမြန်းခဲ့သည်။

 “ ဒီနေ့လွှတ်တော်မှာ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ဖို့ကို ရဲချုပ်က သဘောမတူပါဘူး ။ ကျမက မေးပါတယ်၊ ပြစ်မှုကျူးလွန်တာချင်း အတူတူ လိင်ကိုရောင်းစားသူ အမျိုးသမီးများက ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်းမရှိတဲ့ ဥပဒေကို ပြင်သင့်ပါတယ်လို့ တင်ပြတာပါ” ဟု ဒေါ်စန္ဒာမင်း မှ ၄င်း၏ လူမှုရေးစာမျက်နှာမှ တဆင့်ပြောကြားလိုက်ခြင်းဖြစ်သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေမှာ ခေတ်ကာလနှင့်လိုက်လျောညီထွေးမှု မရှိတော့သည့် အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိ/မရှိဆိုသည့် မေးခွန်းအား မေးမြန်းရာ၌ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းမှ ဥပဒေပြင်ဆင်ရန်သဘောတူခြင်းမရှိသေးဟု ပြန်လည်ဖြေကြားခဲ့ သည်။

“ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်းတွေ့ရှိရသည့် အ တွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိ သေးပါကြောင်း” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည့်တန်ဆာလုပ်ငန်းများကို ဖမ်းဆီးအရေးယူခဲ့ရာ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှုအရေအတွက်မှာ ၂၀၁၁ ခုနှစ်၌ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၆၄၀ မှုကို အရေးယူခဲ့ပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေအား အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာများအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ စီမံချက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများအနေဖြင့် မကျေနပ်လျှင် ကွန်ဒုံး ဆောင်သည့် သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ် မြူဆွယ်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီး ၍ရကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေးနယ်ပယ်တွင် လက်မခံသည့်အတွက် ထိရောက်စွာအရေးယူနိုင်ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းမှာ စီးပွားရေး၊ လူမှုရေးအကြောင်း တရားများနှင့် ဆက်စပ်ပေါ်ပေါက်ရခြင်းဖြစ်သည့်အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအဖြစ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြည့်တန်ဆာများအနေဖြင့်လည်း ကျန်းမာရေးအတွက် ကွန်ဒုံးဆောင်ရမည်ဖြစ်ကြောင်း၊ ရဲဝန်ထမ်းအချို့မှာ လူကိုမခင်ပါက ထောင်ထဲပို့ပြီး လူကိုခင်ပါက မူကိုပြင်၍ အိပ်ခန်းထဲ ခေါ်သွားလေ့ရှိကြောင်းကိုလည်း ပြည့်တန် ဆာအသိုင်းအ၀ိုင်းက သိရသည်။

“အရင်ကဆိုရင် ရဲတွေကလည်း ကျွန်မတို့ဆီကနေ ပိုက်ဆံလည်းယူတယ်၊ ခန္တာကိုယ်လည်းယူတဲ့ အဖြစ် အပျက် မျိုးတွေရှိခဲ့ဘူးတယ်၊ ပိုက်ဆံမပေးပဲ အုပ်စုလိုက် အနိုင်ကျင့်တာတွေလည်း ရှိတော့ ကျွန်မတို့ အကာ အကွယ်ပေးမယ့် ဥပဒေနဲ့ အပြစ်ရှိရင် အရေးယူလို့ရမယ့် ဥပဒေမျိုး ရှိစေချင်တယ်” ဟု အင်းယားကန် ဘောင် ၀န်းကျင်၌ လိင်လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဦးစီးဌာနမှ လေ့လာသုတေသနပြုချက်များအရ ပြည့်တန်ဆာများ မှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်းလာကြောင်းနှင့် ရောဂါ ပိုးကူးစက်မှုမရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံးအသုံးပြုရေးစီမံချက်လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ ပြောနေကြတဲ့ဟာကို သူတို့ကိုလည်း ရစေချင်ပါတယ်၊၊ တခြားထူးထူး ခြားခြား ပိုပြီးတော့ မတောင်းဆိုချင်ပါဘူး”ဟု မြန်မာလိင်လုပ်သားများကွန်ယက်အသင်း ဥက္ကဋ္ဌက ဒေါ်နှင်း နှင်းယုက ဆိုထားသည်။

ပြည့်တန်ဆာဥပဒေများမှာ ကမ္ဘာနိုင်ငံ့အများစု၌ ပြဋ္ဌာန်းထားကြောင်း သိရ၍ အာရှတိုက်အတွင်း အင်အား ကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများ၌ တရားဝင်ဈေးကွက်တစ်ခုအနေဖြင့် သက် မှတ်ပေးထားသည်ဟု သိရသည်။

၁၉၄၉ ခုနှစ် ပြည့်တန် ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့အထိကျင့်သုံးနေသော ဥပဒေဖြစ်ပါသည်။

မြစ်မခ