ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသူများအား ဖမ်းဆီး

ပို့စ်တင်ချိန် - 7/23/2013 05:18:00 PM


စစ်တွေ   ဇူလိုင်   ၂၂

ဇူလိုင် ၁ဝရက် ညနေ ၆နာရီက စစ်တွေမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသ ကြီး ကျောင်းကုန်းမြို့နယ်နေ မ... (၂ဝ နှစ်)ရောက်ရှိလာပြီး ၎င်းအား မတ် ၂၅ ရက် ညနေက  ပိန်းခရမ်းကျေးရွာနေ  စန်းစန်း(ခ) ညိုညိုစန်း(၃၅နှစ်)က စစ်တွေမြို့ရှိ ထမင်းဆိုင်တွင် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ် ၅ဝဝဝဝ ရမည် ဟုခေါ်သဖြင့် မတ် ၂၈ရက်တွင် စန်းစန်း(ခ) ညိုညိုစန်းနှင့် လိုက်ပါခဲ့ကြောင်း၊ စစ်တွေမြို့သို့ရောက်ရှိစဉ် ထမင်းဆိုင်သို့ ခေါ်မသွားဘဲ အဝေးပြေးကားဂိတ်အနီးရှိ ကန်တော်ကြီးရပ်ကွက်နေ  တင်စိုးဝင်း (၄၃ နှစ်)နှင့်  ဇနီးဖြစ်သူ  ဝေဝေနိုင်  တို့နှင့်တွေ့ဆုံပြီး ၄င်းကို နေအိမ်အပေါ်ထပ်တွင် လှောင်ပိတ်ကာ အမျိုးသားများ နှင့်ပျော်ပါးရန်  အတင်းအဓမ္မခိုင်းခဲ့ကြောင်း၊  ၄င်းကို လိုက်ပါပို့ဆောင်သူ စန်းစန်းသည် ပွဲစားခငွေကျပ် ၅ဝဝဝဝ ယူပြီး  ပြန်သွားခဲ့ကြောင်း၊ ၄င်းမှာ ပြည့်တန်ဆာအဖြစ် သုံးလခန့်လုပ်ကိုင်ခဲ့ရကြောင်း၊ အဆိုပါ အိမ်တွင် ၄င်းကဲ့သို့ အမျိုးသမီးခြောက်ဦးသည်လည်း ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရကြောင်း နှင့် အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ် ပိန်းခရမ်းကျေးရွာနေ စန်းစန်း(ခ)ညိုညိုစန်း၊ စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်နေ တင်စိုးဝင်းနှင့်  ဝေဝေနိုင်တို့ သုံးဦးကို  စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း  သိရသည်။                

ကိုကိုရူပ (မြန်မာ့အလင်း)