အင်တာနက် သုံးသူများ၏ ကိုယ်ရေးအချက်များ ကာကွယ်ရေး ဥရောပ ဥပဒေတစ်ရပ် ကြိုးပမ်းမည်ဟု ဆို

ပို့စ်တင်ချိန် - 7/16/2013 03:52:00 PM


မြူးနစ်၊ ဇူလိုင် ၁၅

အမေရိကန် ထောက်လှမ်းရေးက အင်တာနက် အသုံးပြုသူများ၏ သတင်း အချက်အလက်များကို လျှို့ဝှက် ထောက်လှမ်းခဲ့သည့်ကိစ္စ ပေါ်ပေါက်လာပြီးနောက် အင်တာနက် သုံးသူများ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို အကာအကွယ်ပေးမည့် တင်းကျပ်သော ဥရောပ ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရန် လုပ်ဆောင်သွားမည်ဟု ဂျာမနီ အဓိပတိ အင်ဂျလာမာကယ် က ပြောကြားလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ARD ရုပ်သံနှင့် အင်တာဗျူး ပြုလုပ်ရာတွင် အင်တာနက် ကုမ္ပဏီများသည် ၎င်းတို့၏ သတင်း အချက် အလက်များကို မည်သူ့ကို ပေးအပ်ရသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဂျာမနီ အစိုးရအနေနှင့် သိလိုကြောင်း ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က ပြောကြားသည်။

အမေရိကန် အစိုးရ ထောက်လှမ်းရေး အဖွဲအစည်းများသည် အင်တာနက် ကုမ္ပဏီကြီးများထံမှ အင်တာနက် သုံးစွဲသူ မှတ်တမ်းများကို ရယူလျက် ရှိသည်ဟု သတင်း ပေါက်ကြားခဲ့ခြင်းကြောင့် ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က အထက်ပါအတိုင်း မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန် အစိုးရက အင်တာနက် သတင်း အချက်အလက်များကို လျှို့ဝှက် ရယူရာတွင် ဂျာမနီနှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များ၏ အင်တာနက် သတင်း အချက်အလက်များကိုလည်း ရယူလျက်ရှိကြောင်း သိခဲ့ရပြီးနောက် အမေရိကန်-ဂျာမနီ ဆက်ဆံရေးမှာ တင်းမာလျက် ရှိသည်။

“အနာဂတ်မှာ ဂျာမနီရဲ့ ဥပဒေကို လေးစားလိုက်နာမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ကို မျှော်လင့် တယ်”ဟု ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က ပြောကြားသည်။

ဂျာမနီ အစိုးရသည် ဥရောပသမဂ္ဂ အဆင့်ထိ ကျယ်ပြန့်သော ဥပဒေ တစ်ရပ် ချမှတ်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန် အစိုးရ၏ အင်တာနက် သုံးစွဲသူများအပေါ် လျှို့ဝှက် ထောက်လှမ်းနေသည့် ကိစ္စနှင့် ပတ်သက်၍ မည်သည့် အတိုင်းအတာထိ ထောက်လှမ်းလျက် ရှိသည်၊ မည်သူများကို ထောက်လှမ်း လျက် ရှိသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်သည် လွန်ခဲ့သော သီတင်းပတ်က အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ဂျာမနီ ပြည်ထဲရေး ဝန်ကြီးကို အမေရိကန် သို့ စေလွှတ်ခဲ့သည်။

သတင်း အချက်အလက်များ လျှို့ဝှက် ရယူနေသည့်ကိစ္စနှင့် ပတ်သက်၍ ဂျာမနီ၏ မဟာမိတ် အမေရိကန်ထံမှ အဖြေ တစ်စုံတစ်ရာ ရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဂျာမနီ အတိုက်အခံများက အင်ဂျလာ မာကယ်ကို စွပ်စွဲလျက် ရှိသည်။
The Voice Weekly