ရန်ကုန်မြို့၏ ဒုတိယမြောက် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအား ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် စတင်တည်ဆောက်ပြီး အခန်းဈေးနှုန်းများ မသတ်မှတ်ရသေး

ပို့စ်တင်ချိန် - 7/21/2013 08:51:00 AM

ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် စတင်တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ပုံစံငယ်အား တွေ့ရစဉ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်၍ အောင်မြင်တိုးတက် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်သည့် ရန်ကုန်မြို့၏ ဒုတိယမြောက် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်၊ ဗိုလ်မင်းaရာင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်တွင် စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စီမံကိန်းအား ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဟု အမည်ပေးထားပြီး စတင်တည်ဆောက်ရန် ပန္နက်တင်ခြင်းကို ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှာ အကျယ်အ၀န်း ၁၁ ဒသမ ၇၂ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး လေးခန်းတွဲ ရှစ်ထပ်တိုက် အိပ်ခန်းသုံးခန်းပါ အဆောက်အအုံ ငါးလုံးနှင့် လေးခန်းတွဲ ရှစ်ထပ်တိုက် အိပ်ခန်းသုံးခန်းပါ အဆောက်အအုံ အလုံး ၂၀ စုစုပေါင်း ၂၅ လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊  အဆောက်အအုံများ တည်ဆောက်ရာတွင် လေ၀င်လေထွက် ကောင်းမွန်ခြင်းနှင့် အလင်းရောင် ရရှိခြင်းများကို ထားရှိဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယင်းအိမ်ရာ စီမံကိန်းတွင် မော်တော်ယာဉ် အစီးရေ ၈၄၀ ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားရန် နေရာများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံ တစ်လုံးလျှင် ဓာတ်လှေကားနှစ်စင်းစီ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြင်ပဆောက်လုပ်ရေး လုပ်ငန်းများဖြင့် ပူးပေါင်း၍ တန်ဖိုးမျှတ အိမ်ရာစီမံကိန်း စုစုပေါင်းလေးခု အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယခုနှစ် မတ်လအတွင်းက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ပထမဆုံး အကောင်အထည် ဖော်ခဲ့ကြောင်း၊ ယင်းအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ Myanmar V Pile ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ဗိုလ်မင်းရောင် စီမံကိန်းမှာ ဒုတိယမြောက် စီမံကိန်းဖြစ်ပြီး တတိယမြောက်အဖြစ် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၆၂ ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ပြီး စတုတ္ထမြောက် အနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၀ ရပ်ကွက်တွင် မင်းရဲကျော်စွာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများအား ပြီးစီးပါက အခန်းဈေးနှုန်းများအား မြေဖိုးမပါဘဲ တည်ဆောက်မှု ကုန်ကျစရိတ်များအတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်သည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြောကြားထားသည်။
သို့အတွက် ယခုတည်ဆောက်နေသည့် အိမ်ရာစီမံကိန်း နှစ်ခု၏ အခန်းဈေးနှုန်းများကိုလည်း တွက်ချက်၍ မရသေးခြင်းကြောင့် မသတ်မှတ်ရသေးကြောင်းနှင့် ယင်းအခန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုစည်ပင်မှ အကောင်အထည်ဖော်မည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ အခန်းဈေးနှုန်းများ မသတ်မှတ်ရသေးသော်လည်း ကျပ်သိန်း ၂၀၀၊ ၃၀၀ နှင့်အထက် ရှိနိုင်၍ သာမန်ပြည်သူများ ၀ယ်ယူရန် မလွယ်ကူကြောင်း သိရသည်။