နယူးယော့ခ်ရှိ လာဂွာဒီရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်

ပို့စ်တင်ချိန် - 7/23/2013 05:11:00 PM


အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆင်းဂီယာ ချွတ်ယွင်းမှုကြောင့် ပြဿနာကြုံခဲ့ပြီး လူ(၁၀)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လေယာဉ်သည် နယူးယော့ခ်ရှိ လာဂွာဒီရာ လေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘက် ဘီးချရာ၌ လဲကျသွားခဲ့ခြင်းဟု အာဏာပိုင်များက ဆိုသည်။ နက်ရှ်ဗီးလ်မှ ပျံသန်းလာသည့် အနောက်တောင် လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် (၃၄၅)လေယာဉ်သည် အရှိန်ဖြင့် တရွတ်ဆွဲသွားပြီး ပြေးလမ်းမှ ချော်ထွက်သွားခဲ့ကြောင်း လေဆိပ်မန်နေဂျာ တွမ်ဘော့စ်ကိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

တနင်္လာနေ့က လေယာဉ် မတော်တဆမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရခဲ့သူများအနက် (၆)ဦးကို ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်းလည်း ဘော့စ်ကိုက ဆိုသည်။ လေယာဉ် အဆင်းလမ်းကြောင်း ချော်ထွက်သွားသည့်နောက် အရေးပေါ် အခြေအနေအတွက် ကယ်ဆယ်ရေး ယာဉ်များသည် ချက်ချင်းလိုလို လေယာဉ်ဘေးသို့ စုရုံးခဲ့ကြသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၁၄၃)ဦးနှင့် အမှုထမ်း(၆)ဦး လိုက်ပါလာသည်။ ဖြစ်စဉ်ကြောင့် တနင်္လာနေ့ ညပိုင်းတွင် လေဆိပ်ကို ခေတ္တပိတ်လိုက်သော်လည်း မကြာမီတွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ဘော့စ်ကိုက လေယာဉ်အဆင်းတွင် ရှေ့ဘီးချချိန်၌ လဲကျသွားခြင်းဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ "ကျွန်တော်တို့ အနေနဲ့ လေယာဉ်ကြောင့် ပြေးလမ်းပိုင်းမှာ ထိခိုက်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တွေကို ပြန်စီစစ် သုံးသပ်နေပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းလောက်မှာ အားလုံး အဆင်ပြေပြေနဲ့ လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်"ဟု ၎င်းက ဆိုသည်။ လေဆိပ် တာဝန်ရှိသူ တစ်ဦးဖြစ်သော လီဆာ မက်စပါဒန်က လေယာဉ် အဆင်းတွင် ဆောင့်မိသဖြင့် လည်ပင်းနှင့် ကျောဘက်၌ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်အမှုထမ်းများကိုလည်း ဆေးစစ်မှု ခံယူရန် ဆေးရုံသို့ ပို့ပေးခဲ့ရသည်။

အမေရိကန် လေကြောင်း ပျံသန်းမှု စီမံရေးဌာနနှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့တို့သည် ယခုဖြစ်စဉ်အတွက် စုံစမ်းမှုများ ပြုလုပ်နေသည်။ ခရီးသည် တစ်ဦးဖြစ်သော ကေသီဘိုးလ်က "အရှိန်နဲ့ အောက်ကို ဆောင့်ချပြီး ပြန်ကန်တက်လာသလိုမျိုး ခံစားလိုက်ရပါတယ်။ ပြီးတော့ ဘရိတ်ကို အရှိန်နဲ့ ဆောင့်နင်းလိုက်ပုံ ရတယ်။ တရွတ်ဆွဲသွားတာကိုလည်း ကျွန်မတို့ လေယာဉ်ပေါ်ကနေ ခံစားမိနေတယ်"ဟု CNNသို့ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးများသည် အကြောက်လွန်ပြီး တုန်လှုပ်နေသူ (၄)ဦးကိုလည်း နှစ်သိမ့် ကုသပေးရသည်။ ဒဲလက်စ်အခြေစိုက် အနောက်တောင် လေကြောင်းလိုင်း ကုမ္ပဏီက ခရီးသည်များ အားလုံးကို လေယာဉ်ပေါ်မှ ဆင်းသက်စေကာ ဥမင်ထဲသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ လေကြောင်းလိုင်း အနေဖြင့် ဖြစ်စဉ်အပေါ် ဒေသဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း စုံစမ်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 Planet Myanmar Network