ဥက္ကံတွင် အိမ်အတွင်း ဆင်နင်း၍ တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 7/03/2013 10:07:00 AM

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက် ကျေးရွာ အုပ်စု၊ ကုန်းပေါ်တန်း ကျေးရွာတွင် ဇွန်လ ၂၉ ရက် နံနက် ၂ နာရီက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ကာ လူနှစ်ဦးကို နင်းသဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ သိရှိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကိုစိုးမင်းဝင်း (၂၇ နှစ်) သည် ဆင်နင်းခံရ၍ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူ မစိုးစိုး (၂၈ နှစ်) မှာလည်း အောက်ပိုင်းတစ်ခုလုံး ကျိုးကြေဒဏ်ရာ ရရှိခဲ့ကြောင်း တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

“ဆင်ဝင်လာချိန်က အရမ်းမှောင်နေပြီး အားလုံးငြိမ်နေတာ၊ ခုဆုံးသွားတဲ့သူရဲ့ ကယ်ကြပါဦးဆိုတဲ့ အသံတစ်ခုပဲ ကြားလိုက်တယ်။ ဆင်က အိမ်ထဲကိုဝင်ပြီး နှာမောင်းနဲ့ ခြင်ထောင်ကို ဆွဲသွားတာ၊ ခြင်ထောင် ထဲမှာ သူကပါသွားတယ်” ဟု ချောင်းစောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ပြောကြားသည်။

ဆင်နင်းခံရ၍ ဒဏ်ရာရရှိသူ အမျိုးသမီးကို ဥက္ကံဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း အဆိုပါ ဥက္ကံတိုက်နယ် ဆေးရုံထံမှ သိရှိရသည်။

ဥက္ကံမြို့၊ ချောင်းစောက် ကျေးရွာအုပ်စု၊ စမ်းရွာကျွဲပုတ်အုပ်စု ၊ ကျွဲပုတ်နှင့်တိုက်ကြီး မြို့နယ်၊ ဖလုံဒေသ၊ ကင်းပတီ၊ အောင်ချမ်းသာ တို့တွင် တောဆင်ရိုင်းများ ဝင်ရောက်မှု မကြာခဏ ဖြစ်ပွားကြောင်း တိုက်ကြီးမြို့ခံ တစ်ဦးထံမှ သိရှိရသည်။

ယခင် တောဆင်ရိုင်းများ ကျက်စားရာ ချောင်း၊ မြောင်းများ တည်ရှိခဲ့သည့် နေရာများတွင် တဘူးလှဆည် တည်ဆောက် ခဲ့မှုကြောင့် တောဆင်ရိုင်းများ သွားလာရန် နေရာနည်းလာခြင်းနှင့် အစာရေစာ ရှားပါးလာခြင်း၊ ယခင်ဆင်များ သွားလာနေထိုင် သည့် မြေလွတ်မြေရိုင်းများကို ကုမ္ပဏီများက ဖော်ထုတ်၍ ခြံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် တောဆင်ရိုင်းများသည် လူများနေထိုင်ရာ နေရာများသို့ ဝင်ရောက်လာကာ အသက်အန္တရာယ်ကိုပါ ထိခိုက်မှုများ ရှိလာကြောင်း တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက သုံးသပ်ပြောကြားသည်။

၂၀၁၁ ခုနှစ်တွင် ဥက္ကံမြို့တွင် တောဆင်ရိုင်း အနင်းခံရ၍ လူသုံးဦး သေဆုံးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ လေးဦး၊ ယခုနှစ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တစ်ဦးသေဆုံးခဲ့ကြောင်း ဥက္ကံမြို့ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly