လားရှိုးမြို့ ပြည်ထောင်စု လမ်းမဘေးရှိ နေအိမ်အတွင်းသို့ ၂၂ ဘီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 7/01/2013 01:08:00 PM



လားရှိုးမြို့တွင် ဇွန် ၃၀ ရက် နံနက် ၄ နာရီ အချိန်ခန့်က လားရှိုးမှ မူဆယ်ဘက်သို့ ထွက်ခွာမည့် ၂၂ ဘီးတွဲ ကားတစ်စီးသည် လားရှိုးမြို့တွင်း ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာရာ ရပ်ကွက် (၁၂)၊ အထက (၃) ရှေ့ရှိ စက်သုံးဆီ အရောင်းဆိုင် အုတ်တံတိုင်းအား ၀င်တိုက်ပြီး အနီးရှိ အိမ်အတွင်းသို့ ၀င်ရောက်ကာ ကားရပ်တန့်သွားကြောင်း သိရသည်။
အဆိုပါ ယာဉ်သည် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်သို့ တင်ပို့ရောင်းချမည့် ပြောင်းဖူးဆံအိတ်များ တင်ဆောင်လာပြီး စက်သုံးဆီဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ စက်သုံးဆီဆိုင် အုတ်တံတိုင်းအား ၀င်တိုက်ကာ အနီးရှိ အမှတ် (၆၅၃) နေအိမ်အိပ်ခန်း အတွင်းသို့ ၀င်တိုက်ပြီး ရပ်တန့်သွားကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် နေအိမ်အတွင်းရှိ အိပ်နေသော ဒေါ်ရွှေအိမ်မှာ ၀ဲချိုစောင်း အနည်းငယ် ပေါက်ပြဲသွားပြီး ဂုတ်ပိုးနာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Eleven