မြောက်ဥက္ကလာပ ဗလီတွင် သံဃာတော်များကို ဆွမ်းကပ်

ပို့စ်တင်ချိန် - 7/05/2013 09:58:00 AM

ဘာသာကြီးလေးခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ရည်ရွယ် ချက်ဖြင့် မြောက်ဥက္ကလာပ မြို့နယ် (၁) ရပ်ကွက်ရှိ အောင်ဝလ်စွန္နဂျာမေ ဗလီတွင် ဇူလိုင်လ ၃ ရက်နေ့က ကျင်းပသည့် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ဗလီတာဝန်ရှိ သူများက သံဃာတော် ၁၅ ပါးကို ဆွမ်းကပ် ခဲ့ကြောင်း ယင်းဗလီ အတွင်းရေးမှူး ဦးထွန်းကျော်က ပြောကြားသည်။
“အစ္စလာမ် ဘာသာက သံဃာတော်တွေကို ဆွမ်းမကပ် ရဘူးလို့ မမိန့်ထား ပါဘူး။ ဗလီထဲမှာ ပထမဆုံး ဆွမ်းကပ် ဖူးတာပါ” ဟု ၎င်းက ရှင်းပြသည်။ မြောက်ဥက္ကလာ မြို့နယ်ရှိ အဓိက ဘာသာကြီးလေးခု ညီညွတ် သကဲ့သို့ တစ်နိုင်ငံလုံးရှိ မိမိယုံကြည်ရာ ကိုးကွယ်သော ဘာသာဝင် အားလုံးလည်း ညီညွတ် စေချင်ကြောင်း အစ္စလာမ် ဘာသာဝင် ဦးထွန်းကျော်က ပြောဆိုသည်။
ယင်းမြို့နယ်၏ ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပွဲသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘာသာများ အကြား ပဋိပက္ခ မဖြစ်စေရန် အဓိကရည်ရွယ် ပြောကြားခဲ့ကြောင်း ယင်းမြို့နယ်၏ ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ဝင် ဦးဆန်နီက ပြောကြားသည်။
“ဘာသာေ တွအကြား ပဋိပက္ခ မဖြစ်ဖို့ ၊ ဖြစ်လာရင် တားဆီးဖို့ ၊ ရပ်ကွက်ပေါင်းစုံက တက်လာတဲ့ သတင်း အချက်အလက်တွေကို အာဏာပိုင်ကို အကြောင်းကြားပေးဖို့ ဖွဲ့ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် မေလပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခန်းမ၌ ဘာသာကြီးလေးခုမှ ကော်မတီဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းအခမ်းအနားသို့ ရွှေညဝါဆရာတော် တက်ရောက် ခဲ့သည်။