ဒီဇယ် အောက်တိန်းနှင့် ဈေးတူအထိ မြင့်တက်

ပို့စ်တင်ချိန် - 7/15/2013 12:07:00 PM


ရန်ကုန်၊ ဇူလိုင် ၁၄

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း မြင့်ခြင်းနှင့် နိုင်ငံတကာဈေးကွက် ၌ ရေနံစိမ်း ဈေးမြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၅၀ နီးပါး ဈေးထပ်တက်လာပြီး အောက်တိန်းနှင့် ဈေးတူဖြစ်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

“ဒီဇယ်က လုပ်ငန်းသုံးကားတွေ အသုံးများတယ်လေ။ အရမ်းတန်းတက်လို့ မရဘူး။ အောက်တိန်းဈေး တက်ကတည်းက ဒီဇယ်ကို ဈေးတက်ရမှာပါ။ မိုးတွင်းဆိုတော့ ဝယ်လိုအားကျနေလို့ ချက်ချင်းမတက်တာပါ” ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောဆိုသည်။

ဒီဇယ်အများဆုံး အသုံးပြုသည့် ကုန်တင်ယာဉ်များမှာလည်း မိုးရာသီ ကုန်ပါးသောကြောင့် ဒီဇယ်ဝယ်ယူမှု နည်းပါးပြီး ၎င်းတို့ဝယ်လိုအား ကောင်းပါက ယခုထက် ဈေးမြင့်တက်ဖွယ် ရှိကြောင်း ပဲခူးမြို့အခြေစိုက် စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှင့် ဒေါ်လာလဲနှုန်း ဈေးအမြင့်တွင် ဆက်လက်တည်ရှိနေပါက စက်သုံးဆီဈေးများ ယခုလအတွင်း၌ပင် အနည်းငယ် ထပ်မံမြင့်တက် လာနိုင်ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒီဇယ်နှင့် အောက်တိန်း တစ်ဂါလန်လျှင် ၄၀၅၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရေနံစိမ်း ဈေးကွက်တွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ ကျော်ရှိပြီး လွန်ခဲ့သည့် သီတင်းပတ်ထက် နှစ်ဒေါ်လာခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိကစက်သုံးဆီများ ဝယ်ယူရာ စင်ကာပူဈေးကွက်တွင် ရေနံစိမ်း တစ်စည်လျှင် ၁၀၄ ဒေါ်လာဈေးပေါက်ပြီး ယခင်ရက်သတ္တတစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်ဒေါ်လာကျော် မြင့်တက် လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်သည့် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ရည်ညွန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၈၀ ကျပ် ဖြစ်ပြီး ပုဂ္ဂလိကဘဏ် ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ၉၈၉ ကျပ် ဈေးပေါက်လျက် ရှိသည်။
The Voice Weekly