သမီးအတွက် တောင်းဆို လှုပ်ရှားသော အမျိုးသမီးကို ဖမ်းဆီးမှု တရုတ်အာဏာပိုင် နစ်နာကြေး ပြန်ပေး

ပို့စ်တင်ချိန် - 7/16/2013 03:46:00 PM

ဘေဂျင်း၊ ဇူလိုင် ၁၅

သမီးဖြစ်သူကို အနိုင်ကျင့် စော်ကားသူများအား သေဒဏ်ပေးရန် တောင်းဆို လှုပ်ရှားသည့် အမျိုးသမီးကြီးအား တရုတ် အာဏာပိုင်အဖွဲ့က ဖမ်းဆီးပြီး အလုပ်စခန်းသို့ ပို့မိသည့်အတွက် တရားရုံးက အမေရိကန် ဒေါ်လာ ၅၀၀ နီးပါးနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ နစ်နာကြေး ပြန်ပေးခဲ့ ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Tang Hui ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးကြီး၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်မိခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် ပြုလုပ် မိခြင်းအတွက် နစ်နာကြေးအဖြစ် ထိုသို့ ပေးရခြင်း ဖြစ်ကြောင်း Xinhua သတင်းက ဖော်ပြထားသည်။

၂၀၀၆ ခုနှစ်က အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲသွားပြီး မုဒိမ်းကျင့်ကာ အတင်း အဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသူများ အား နှစ်ဦးကို သေဒဏ်၊ လေးဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း၊ တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်အဖြစ် တရုတ်အာဏာပိုင်က ချမှတ်ခဲ့ပြီး ယခု အမျိုးသမီးကြီးက အားလုံးကို သေဒဏ် ပေးသင့်ကြောင်း အစိုးရကို တောင်းဆိုကာ လှုပ်ရှားမှုများ ပြုလုပ်ရာမှ အလုပ်စခန်းသို့ အပို့ခံရပြီး ယင်းနေရာတွင် တစ်ပတ်ခန့် နေလိုက်ရခြင်း ဖြစ်ပေသည်။

၎င်းကို အလုပ်စခန်းတွင် နေခိုင်းစဉ် ကာလများအတွင်း ပြည်သူများ က ဒေါသတကြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ပြန်လွတ်လာ ပြီး လျော်ကြေးလည်းရခြင်း ဖြစ်သည်။

အမျိုးသမီးကြီး Tang Hui က သူ့ကို အလုပ်ကြမ်းစခန်းသို့ ပို့သော ရဲများ အနေနှင့် တရားဝင် တောင်းပန်စာ ရေးပေးပါရန် ထပ်မံ တောင်းဆို ထားသော်လည်း ယင်းတောင်းဆိုချက်ကိုမူ မလိုက်လျောကြောင်း အမှုဖြစ်ပွားရာ ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာရှိ တရားရုံး ပြောရေး ဆိုခွင့်ရ အရာရှိက AFP ကို ပြောကြားခဲ့သည်။

“တာဝန်ရှိသူတွေက တရားရုံးမှာ သူ့ကို တောင်းပန်ပြီး ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရ အရာရှိက ဆိုသည်။

ယခင်က Tang Hui ကို လူမှုရေး မငြိမ်သက်မှု ဖြစ်စေရန် ပြုလုပ်မှုနှင့် လူ့အဖွဲ့အစည်းကို မကောင်းသော သက်ရောက်မှု ဖြစ်စေရန် အားထုတ်မှု တို့ဖြင့် အလုပ်ကြမ်း စခန်းတွင် ၁၈ လ သွားနေရန် အမိန့်ချခြင်း ခံခဲ့ရကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူများကို အလုပ်စခန်းသို့ ဥပဒေအရ စီရင်ခြင်းမဟုတ်ဘဲ ပို့နိုင်ခွင့် ရှိပေသည်။

ယခုအခါ တရုတ် ခေါင်းဆောင်သစ်များသည် အဆိုပါ စနစ်ကို အများ လက်မခံတော့သည်ကို နားလည်လာပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် စဉ်းစားလာကြသည်ဟု BBC က သုံးသပ် ရေးသားထားသည်။

ယခုအခါ သမီးအတွက် တိုက်ပွဲဝင်သူ အမျိုးသမီးကြီးကို တရုတ် လူမှုကွန်ရက် မီဒီယာများတွင် ထောက်ခံမှု အလွန် များပြားနေပြီး နစ်နာကြေး အလွန်နည်းခြင်းနှင့် စာထုတ်ပြီး လူသိရှင်ကြား မတောင်းပန်ခြင်း ကို ဆက်လက် ဝေဖန် ရေးသားနေကြသည်။

The Voice Weekly