လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး

ပို့စ်တင်ချိန် - 7/16/2013 01:47:00 PM


ကျူးလွန်သူ မစန္ဒာဝင်းနှင့် သေဆုံးသူတို့အား အခင်းဖြစ်သည့်နေ့က မြို့မဈေးအတွင်း အတူတူ သွားလာနေသည်ကို ဈေးရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် ရယူထားပုံ
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အလောင်းတစ်လောင်း တွေ့ရှိသဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မ--အသက် ၁၇ နှစ်၊ ရပ်ကွက် ၁၀ လားရှိုးမြို့ နေသူဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် ပက်လက် အနေအထား သေဆုံးနေကြောင်း တွေ့ရသည်။
အလောင်းကို မှုခင်းဆရာဝန်ကြီးက ဆေးစစ်ခဲ့ရာတွင် မ---မှာ ဇူလိုင် ၂ ရက် တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အထူးအမှုစစ် အဖွဲ့မှ စုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က လားရှိုး မြို့မဈေးအနီး သုံးဘီးဆိုင်ကယ် ဂိတ်တွင် သေဆုံးသူနှင့် အသားညိုညို အမျိုးသမီး တစ်ဦးတို့ အတူသွားလာ နေသည်ကို တွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် လားရှိုးမြို့မဈေး ဈေးခေါင်းရုံးမှ စီစီတီဗွီ မှတ်တမ်းအား ကြည့်ခဲ့ရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေဆုံးသူနှင့် မစန္ဒာဝင်း ၂၄ နှစ် လားရှိုးမြို့ နေသူကို မြို့ဈေးအတွင်း သွားလာခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသူနှင့်အတူ ခပ်၀၀ အမျိုးသမီးတစ်ဦး လားရှိုးမြို့ နန်းဟေ၀န် ပန်းခြံအတွင်း ၀င်လာသည့် မြင်ကွင်းနှင့် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ခပ်၀၀ အမျိုးသမီး တစ်ဦးတည်း ပြန်ထွက်သွားသည့် မြင်ကွင်းကို ပန်းခြံအတွင်းရှိ ကာရာအိုကေဆိုင်မှ စီစီတီဗွီ၏ မှတ်တမ်းအရ မြင်တွေ့ခဲ့ရသဖြင့် ဇူလိုင် ၉ ရက် ညပိုင်းတွင် မစန္ဒာဝင်းနှင့် ဆက်စပ် မသင်္ကာသူ သုံးဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ မစန္ဒာဝင်း ကိုယ်တိုင် သတ်ခဲ့ကြောင်း၊ ငွေအခက်အခဲ ဖြစ်နေခြင်း၊ သေဆုံးသူနှင့် စကားများနေခြင်း တို့ကြောင့် သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၀တ်ဆင်ထားသော ရွှေနားကပ်၊ လက်စွပ်နှစ်ကွင်းကို ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

Eleven Media Group