မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်

ပို့စ်တင်ချိန် - 7/31/2013 12:13:00 PM


ရေတာရှည်    ဇူလိုင်      ၃ဝ

ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ်  ၄င်း၏တဲပေါ်တွင် ရင်ဝ၌ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးနေကြောင်း သတင်းအရ ဆွာနယ်မြေ ရဲစခန်းမှ  စခန်းမှူး ရဲအုပ်သောင်းစံ  ဦးစီးရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သည့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေး(၂၂)နှစ်ကို ကျွန်းပင်ဆိပ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

ဆွာချောင်း ဆည်ရေပြင် အတွင်း ငါးရှာသည့်အလုပ်လုပ်ကိုင်သော ဝင်းဇော်ဦးက မော့လေး(ခ)ချစ်ထွေးကို ဝင်ငွေကောင်းသော ငါးရှာခြင်းအလုပ်ကို လုပ်ကိုင်ရန် ပြောဆိုပြီး ဝင်းဇော်ဦးတို့နေထိုင်သော ဝံဂဲတဲစုတွင် အတူနေထိုင်ကာ ငါးရှာသည့် အလုပ်ကို ဝင်းဇော်ဦးနှင့် အတူ လုပ်ကိုင် ခဲ့ပြီး ဝင်းဇော်ဦးနှင့် မိန်းကလေးစိတ်ပေါက်နေသူ မော့လေး(ခ)ချစ်ထွေးတို့ ချစ်သူအဖြစ် ခုနစ်နှစ်ကြာ အတူနေထိုင်လာ ခဲ့ကြောင်း ယခုနှစ်သင်္ကြန်အပြီး ဝင်းဇော်ဦးက တစ်တဲစုတည်းနေ မိန်းကလေးနှင့်ချစ်ကြိုက်ကာ ခိုးယူထွက်ပြေးသွားသည် ကို မော့လေး(ခ) ချစ်ထွေးက မကျေနပ်၍ မေ ၃ ရက် မွန်းလွဲပိုင်းက ငါးဖိုးစာရင်း ရှင်းကြရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းသိရ၍ ဆွာ နယ်မြေ ရဲစခန်းက ပြစ်မှုကျူးလွန်သူ မော့လေး(ခ)ချစ်ထွေးအား (ပ)၇၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး စွဲချက်အမှတ် ၉၁/၂ဝ၁၃ ဖြင့် တောင်ငူခရိုင် တရားသူကြီးရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ (ဒု)ခရိုင်တရားသူကြီးရုံးမှ ရာကြီး ၃၁/၂ဝ၁၃ ဖြင့် လက်ခံကြားနာစစ်ဆေးကာ ပြစ်မှုထင်ရှား၍ ပြစ်မှုပုဒ်မ ၃ဝ၂ (၂)အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။  

မြန်မာ့အလင်း