ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိ

ပို့စ်တင်ချိန် - 7/24/2013 02:58:00 PM


ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့ကြပါသည်။

စစ်ဆေးစုံစမ်းချက်အရ သေဆုံးသူမှာ မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ကလေးမွေးဖွားထားသည့် လက္ခဏာရှိကာ ဘေးတွင်မွေးကင်းစ ယောက်ျားလေးတစ်ဦး အလောင်းကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်ရေးဖွင့်၍ သေဆုံးရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးခဲ့ပါသည်။

အလောင်းများအား သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီးမှ နှုတ်ဖြင့် ထင်မြင်ချက်ပြောကြားရာတွင် သေဆုံးသူ မအေးအေးအောင်သည် လည်ပင်းယာဘက် အရိုက်ခံရသည့် ဒဏ်ရာနှင့် ဗိုက်တွင်အကန်ခံရ၍ သားအိမ်ပေါက်ပြီး ကလေးအပြင်ထွက်ကျကာ သေဆုံးခြင်း ဖြစ်ကြောင်း၊ ကလေးမှာ ဗိုက်ပေါက်အူထွက် သေဆုံးခြင်း ဖြစ်ကြောင်း၊ သေဆုံးချိန်မှာ ၄/၅ ရက်ခန့်ရှိပြီးဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ) မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် မအေးအေးအောင်အား လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်းတို့ကို စက်ရုံမှသက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရသဖြင့် မအေးအေးအောင်နှင့် ၀မ်းဗိုက်အတွင်းရှိ ကလေးအားသေအောင်ပြုလုပ်သူ ပြည့်ဝအောင်(စုံစမ်းဆဲ) အားဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ၁၉၅၀ အချိန် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police