ကျပ်သိန်း ၃၀၀ လိမ်လည်သည်ဟု လမင်းခန့် ဆောက်လုပ်ရေးကုမ္ပဏီကို အမှုဖွင့်

ပို့စ်တင်ချိန် - 7/08/2013 01:31:00 PM

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်းတွင် ရုံးခန်းဖွင့်လှစ်ခဲ့သော လမင်းခန့် ဆောက်လုပ်ရေး ကုမ္ပဏီကို ငွေကျပ်သိန်းသုံးရာ လိမ်လည်သည်ဟုဆိုကာ လိမ်လည်ခံရသူ ဆိုသည့် အမျိုးသမီးတစ်ဦးက ဇူလိုင် ၅ ရက်နေ့တွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

လမင်းခန့် ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းစိုးနှင့် ဇနီးဒေါ်နှင်းအိဖြူတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က လှိုင်မြို့နယ်တွင် နေထိုင်သူ ဒေါ်အေးအေးတင်ထံမှ ကုမ္ပဏီ အတွက် ငွေလိုသဖြင့် ကျပ်သိန်းသုံးရာကို တစ်လကြာလျှင် ပြန်ပေးမည်ဟု ဆိုကာ ချေးယူသွားပြီး ငွေများ ပြန်မရသည့်အတွက် အထက်ပါ အမျိုးသမီးက တိုင်ကြားခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်းထံ တိုင်ကြားချက်အရ သိရှိရသည်။

“ခဏဆို ချေးလိုက်တာပါ၊ ပိုက်ဆံ ပြန်တောင်းတော့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့နဲ့ အခုထိမပေးဘူး” ဟု ဒေါ်အေးအေးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လမင်းခန့် ဆောက်လုပ်ရေးကုမ္ပဏီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိသဖြင့် ရွှေတောင်တန်းလမ်းသို့ သွားရောက်ခဲ့ရာ ကုမ္ပဏီရုံးခန်း ပိတ်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ယင်းလမ်းအတွင်း နေထိုင်သူများက ပြောကြားသည်။

Ref & Credit: The Voice Weekly