ဗုဒ္ဓဂယာ၌ လုံခြုံရေး တိုးမြှင့်ထားပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မြန်မာအပါအ၀င် ခရီးသွားများ ၀င်ရောက်မှု လျော့ကျခြင်းမရှိ

ပို့စ်တင်ချိန် - 7/12/2013 12:50:00 PM

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည် မြန်မာအပါအ၀င် ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုအပေါ် သက်ရောက်မှု မရှိဘဲ လတ်တလောတွင် လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း အိန္ဒိယနိုင်ငံ The Times of India က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ဘုရားဖူး ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှု လုံးဝမရှိခဲ့ဘဲ ခရီးစဉ် လာရောက်ရန် ကြိုတင်မှာကြား ထားသူများထံမှ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းမှု၊ ဖျက်သိမ်းမှုများပင် မရှိကြောင်း The Times of India က ဖော်ပြခဲ့သည်။

''ခရီးသွားရာသီဟာ လာမယ့်တစ်လ ကုန်ဆုံးရင် စတင်တော့မှာပါ။ ခရီးစဉ်ကြိုမှာ တာတွေလည်း ရှိနေတုန်းပါပဲ။ အထူးသဖြင့် အဖွဲ့လိုက် လာရောက်မယ့် ခရီးသွားတွေ ဖြစ်ပါတယ်'' ဟု ထိပ်တန်းခရီးသွား ကုမ္ပဏီတစ်ခုမှ Abdul Majid Siddiqui က ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

အခုအချိန်မှာ အိန္ဒိယနိုင်ငံက လုံခြုံရေးပိုင်း တိုးမြှင့်လိုက်ပါတယ်။ အခုဖြစ်လိုက်တာ ကလည်း ခရီးသွားနည်းတဲ့ ရာသီပါ။ အိန္ဒိယ နိုင်ငံကလည်း နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်တွေ အကုန်လာဖူးတာ ဆိုတော့ လုံခြုံရေးပိုင်းကို စိတ်ချရအောင် လုပ်နေတယ်လို့ သိရပါတယ်...

ဗုဒ္ဓဂယာသည် မြန်မာအပါအ၀င် အာရှနိုင်ငံများ၊ ဥရောပ၊ အမေရိက ဒေသမှပါ ခရီးသွား လာရောက်မှု များပြားသော ဒေသဖြစ်ပြီး ဂျပန်၊ မြန်မာ၊ သီရိလင်္ကာ အပါအ၀င် အခြားသော ဗုဒ္ဓဘာသာ နိုင်ငံများမှ ခရီးသွား ရောက်ရှိမှုမှာ ဥရောပ၊ အမေရိက နိုင်ငံများမှ ခရီးသွား ရောက်ရှိမှုထက် ပိုမိုလေ့ရှိကာ ယခုနှစ်တွင်လည်း ယင်းအနေအထား အတိုင်း ဆက်လက်တိုးတက်မှု ရှိနေသည်ဟု သိရသည်။

ဗုဒ္ဓဂယာ ဘုရားဖူး ခရီးသွား ကာလသည် နှစ်စဉ် စက်တင်ဘာ လလယ်မှ ဧပြီလအထိ ဖြစ်ပြီး သံဝေဇနိယ လေးဌာနသည် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် တည်ရှိနေသည်။

မြန်မာလူမျိုးများ ပြည်ပသို့ ခရီးစဉ်များ ထွက်ခွာမှုတွင် သွားရောက်မှု အများဆုံး နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့ ဖြစ်ကာ ဗုဒ္ဓဂယာ ခရီးစဉ်မှာ သွားရောက်မှု အများဆုံး ဘုရားဖူးခရီးစဉ် ဖြစ်သည်။

ပြည်တွင်း ခရီးသွားများအား ဘုရားဖူး ခရီးစဉ်များ ပို့ဆောင်မှုနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနသည် ယခင်က ဘုရားဖူးအဖွဲ့ ငါးခုကိုသာ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နှစ်ဦးပိုင်းမှ စတင်၍ ယင်းအဖွဲ့ ငါးခုအပြင် ခရီးသွား ကုမ္ပဏီများအား တရားဝင် ပို့ဆောင်ခွင့်ပြုခဲ့သည်။

''အခုအချိန်မှာ အိန္ဒိယနိုင်ငံက လုံခြုံရေးပိုင်း တိုးမြှင့်လိုက်ပါတယ်။ အခုဖြစ်လိုက်တာ ကလည်း ခရီးသွားနည်းတဲ့ ရာသီပါ။ အိန္ဒိယ နိုင်ငံကလည်း နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်တွေ အကုန်လာဖူးတာ ဆိုတော့ လုံခြုံရေးပိုင်းကို စိတ်ချရအောင် လုပ်နေတယ်လို့ သိရပါတယ်။ အခုခရီးသွားတွေက ပုံမှန်ပါပဲ'' ဟု မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာ ခရီးစဉ် ပို့ဆောင်နေသည့် မေသူမောင် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Eleven