ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် တိမ်းမှောက်၍ ၅ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 7/24/2013 06:30:00 PM


နေပြည်တော်၊ ဇူလိုင် ၂၄

၂၃-၇-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းနယ်မြေအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁/၆-၇)ကြား၊ မန္တလေးမှရန်ကုန်သို့ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဦးဝင်းကြည်ထွန်း(၄၂)နှစ် မောင်းနှင်လာသည့် ၄ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ ယာဉ်မောင်းဖြစ်သူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်ကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ယာဉ်ပေါ်ပါ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဒေါ်အေးအေးသိန်း(၃၈)နှစ်ပါ ၅ ဦးတွင် ၀ဲဘက်ပခုံးအောင့်၊ ၀ဲနံရိုးအောင့်၊ ဦးခေါင်း ထိပ်ပွန်းပဲ့၊ ယာလက်ပြင်နာကျင်၊ ယာလက်ကျိုး၊ ယာခြေသလုံးပွန်းပဲ့၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ဦးဝင်းကြည်ထွန်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်