ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်၍ ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး

ပို့စ်တင်ချိန် - 7/16/2013 04:00:00 PM

တာချီလိတ်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့်ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်သူသည် ဇနီးနှင့်ကွဲကွာနေပြီး အရက်အလွန် သောက်သဖြင့် အရက်ကြောင်ကြောင်နေသူ ဖြစ်ကြောင်း၊ ၎င်း၏ဦးလေးသည် ဓားဖြင့်ခုတ်သည့်ဒဏ်ရာဖြင့် အခုတ်ခံရသော နေရာတွင် သေဆုံးခဲ့ကြောင်း အဆိုပါ ဓားခုတ်မှုကို သွားရောက်စစ်ဆေးသည့် ဒုတပ်ကြပ်ကျော်ခိုင်ထံမှ သိရှိရသည်။

“ဖြစ်တဲ့နေရာမှာ သွေးတွေကို ရဲနေတာ၊ ခုတ်တဲ့သူ ကိုယ်တိုင်လည်း သွေးအိုင်ထဲ လဲကျနေတယ်” ဟု မျက်မြင်တွေ့ရှိသူ ပါကောင်ရွာမှ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ဆိုသည်။

ပြစ်မှုကျုးလွန်သူကို တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိရာ လူနာ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တာချီလိတ်မြို့နယ်တွင် နေထိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အိုက်ကွမ်းရှဲန်ကို ဝမ်ပုံနယ်မြေရဲစခန်း (ပ) ၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly