အီဂျစ်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာ မက်မော်စီ အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် မော်စီကို လိုက်လံရှာဖွေ ဖမ်းဆီး

ပို့စ်တင်ချိန် - 7/04/2013 03:09:00 PM


အီဂျစ်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာ မက်မော်စီ အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် မော်စီကို လိုက်လံရှာဖွေ ဖမ်းဆီးပြီး ထိန်းသိမ်းချုပ်နှောင် ထားလိုက်ကြောင်းလည်း သတင်းများက ဆိုသည်။ မော်စီလက်ထက် ကာကွယ်ရေးဝန်ကြီးနှင့် လက်နက်ကိုင် တပ်ပေါင်းစု အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖာတား အယ်လ်ဆီဆီက နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနမှတစ်ဆင့် မော်စီကို ဖြုတ်ချကြောင်း သတင်းအား အတည်ပြု ကြေညာခဲ့သည်။

ယခုအခါ ရဲတပ်ဖွဲ့များသည် မော်စီ၏ နိုင်ငံရေး အထောက်အပံ့များနှင့် ၎င်း၏ မဟာမိတ် မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့မှ ခေါင်းဆောင်များကို ရှာဖွေလျှက် ရှိသည်။ မော်စီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း(၅၀)ကျော် သေဆုံးမှုများ ရှိခဲ့သလို အစိုးရကို ဆန္ဒပြသူများနှင့် ထောက်ခံသူများကြား ပဋိပက္ခများလည်း ကြီးထွားခဲ့သည်။

အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းကြောင်း သတင်းကို ကြေညာပြီးနောက် မော်စီကို ထောက်ခံသူများက စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ကိုင်ရိုတွင် မော်စီကို ဆန့်ကျင်သူများက ယခုသတင်းအတွက် ပျော်ရွှင်စွာ စုရုံး အောင်ပွဲခံပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။ အလက်ဇန္ဒရီးယားတွင်မူ စစ်တပ်နှင့် မော်စီကို ထောက်ခံသူများကြား ပြဿနာများ ဖြစ်ပွားရာ မော်စီလိုလားသူ (၇)ဦး သေဆုံးခဲ့သေးသည်။

စစ်တပ်က ၎င်းတို့ လုံခြုံရေး ချထားသည့် နေအိမ်တွင် မော်စီနှင့် ၎င်း၏ နောက်လိုက်များကို ချုပ်နှောင်ထားကြောင်း မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့မှ ထိပ်တန်းအဆင့်ရှိ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင်မူ သမ္မတကို ကာကွယ်ရေး ဝန်ကြီးဌာနတွင် ပြောင်းရွှေ့ထားကြောင်းလည်း သိရသည်။ စစ်တပ်သည် မော်စီကို ဆန္ဒပြမှုများအတွက် တိတိကျကျ ဖြေရှင်းရန် (၄၈)နာရီ အချိန်ပေးခဲ့ပြီး မော်စီက လက်တွေ့ မလိုက်နာသည့်အခါ ယခုလို အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှု အပြီးတွင် ပြုလုပ်လာမည့် ရွေးကောက်ပွဲ၌ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့မှ အောင်မြင်မှု ပြန်ရလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ မော်စီကို ထောက်ခံသူများသည် ကိုင်ရိုမြောက်ပိုင်းတွင် စုရုံးနေကြဆဲ ဖြစ်သည်။ ထောင်နှင့်သောင်းနှင့်ချီသော မော်စီ လိုလားသူများကြောင့် ယင်းနေရာတွင် သတင်းယူနေသူ မီဒီယာသမား အချို့ပါ ဆုတ်ခွာပြီး တိုက်ရိုက် ထုတ်လွှင့် ပြသမှုများ ရပ်ဆိုင်းခဲ့ရသည်။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက လက်ရှိ အီဂျစ်နိုင်ငံရေး အခြေအနေအတွက် အလေးအနက် စိတ်ပူမိကြောင်း ဆိုသည်။ ထို့အပြင် မော်စီကို ဖြုတ်ချမှုသည် တစ်ဖက်သတ်ဆန်ကြောင်း ဝေဖန်ခဲ့သည်။ မေလက အမေရိကန် အစိုးရသည် အီဂျစ်ကို စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ (၁.၃)ဘီလျံ ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိ အနေအထားတွင် အပြောင်းအလဲကို စဉ်းစားရဖွယ် ရှိနေသည်။ အီဂျစ် စစ်တပ်သည် အခြေအနေ လုံးဝ ငြိမ်သက်သည်အထိ မြို့ထဲတွင် စစ်ကားများ၊ တင့်ကားနှင့် သံချပ်ကာ ယာဉ်များကို ဖြန့်ကျက်ထားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။