လူမည်း လူငယ်အား သတ်ခဲ့သူကို လွှတ်ပေး၍ အမေရိကတွင် ဆန္ဒပြပွဲများဖြစ်၊ စိတ်အေးအေး ထားရန် သမ္မတ တိုက်တွန်း

ပို့စ်တင်ချိန် - 7/16/2013 05:25:00 PM


ဆန်ဖို့ဒ်၊ ဇူလိုင် ၁၅

လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော လူမည်း သွေးနှောသည့် ထရေဗန်မာတင်ကို သတ်ခဲ့သည့် ဂျော့ခ်ျဇင်မာမန်းကို အပြစ်မရှိကြောင်း အမေရိကန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည့်အတွက် တစ်တိုင်းပြည်လုံး အံ့အားသင့် စိတ်ဆိုးသွားခဲ့ပြီး လူမျိုးရေး မကျေနပ်မှုများကြောင့် ဆန္ဒပြပွဲ များ ဖြစ်ခဲ့ရာ သမ္မတ ဘားရက် အိုဘားမားက စိတ်အေးအေး ထားကြရန် တိုက်တွန်းသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

စေတနာ့ ဝန်ထမ်း ညကင်းစောင့်ပေးသူ ဇင်မာမန်းသည် လူဖြူ-ပီရူး ဗီးယန်း သွေးနှောသူ တစ်ဦးဖြစ်ပြီး မာတင်ကို ရန်မူ သတ်ဖြတ်ခဲ့ခြင်းသည် လူမျိုးရေးအရ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်မိပါသည် ဟု ဂျော့ခ်ျဇင်မာမန်းက ယင်းသို့ ဆိုသည်။

ထောက်ခံသူများသည်လည်း လူမျိုးရေး ခွဲခြားသူများ ဖြစ်သည်ဟု ယူဆသူများက တရားခွင်ကို ကန့်ကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

အမေရိကန် မြို့တော်ကြီးများ ဖြစ်သည့် ဆန်ဖရန်စစ္စကို၊ ဖီလာဒယ်ဖီးယား၊ ချီကာဂို၊ ဝါရှင်တန်နှင့် အတ္တလန္တာတို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ကယ်လီဖိုးနီးယား အော့ကလန်တွင် ဆန္ဒပြသူများက ပြတင်းပေါက်များကို ရိုက်ခွဲခြင်း၊ ကားများကို ဓာတ်ငွေ့ဘူးများဖြင့် ပက်ဖျန်းခြင်း ပြုလုပ်ကြသည် များ ရှိခဲ့သော်လည်း ဆန္ဒပြသူ အများစုမှာ ငြိမ်းချမ်းစွာ ပြုကြခြင်းဖြစ်ပြီး ရဲကလည်း စောင့်ကြည့်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်း မိုးသည်းထန်နေစဉ်က ခြံဝင်း ကာထားသော ဖလော်ရီဒါ ဆန်ဖို့ဒ် လူနေ ရပ်ကွက်တွင် လုံခြုံရေး လုပ်ပေးနေသည့် အသက် ၂၉ နှစ် အရွယ် ဇင်မာမန်းက အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ် မာတင်နှင့် စကားများ ရန်ဖြစ်ကြပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းက ဖလော်ရီဒါ ရဲသည် ဇင်မာမန်းကို အရေးယူရန် ငြင်းဆန် ခဲ့သည့်အတွက် ဆန္ဒပြပွဲကြီးများ အမေရိကန် မြို့ကြီးများတွင် ဖြစ်ခဲ့ပြီးမှ ၂၀၁၂ ဧပြီလတွင် ဂျော့ဇင်မာမန်း အဖမ်းခံခဲ့ရပြီး လူသတ်မှုဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်ကလည်း အလားတူ လူမျိုးရေးနွယ်သည်ဟု ယူဆကြသော လူသတ်မှု တစ်ခုကြောင့် လော့အိန်ဂျလိစ်တွင် အဓိကရုဏ်း တစ်ရပ် ဖြစ်ခဲ့ဖူးသောကြောင့် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းများက ယင်းသို့ ဖြစ်ပွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်ပေသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြည်သူများအနေနှင့် တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်းခဲ့ပြီး မာတင် သေဆုံးရခြင်းသည် အမေရိကအတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုသည် တရားဥပဒေ စိုးမိုးသည့် နိုင်ငံဖြစ်ကာ တရားသူကြီး တစ်ဦးက ဆုံးဖြတ်ပေးပြီးသားဖြစ်ကြောင်း သမ္မတက ဆိုသည်။

တရားစီရင်ချက် အမိန့်ထွက်လာပြီးနောက် အကြမ်းဖက်မှုများ ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် တက်ကြွ လှုပ်ရှားသူများနှင့် ဒေသ ဆိုင်ရာ ခေါင်းဆောင်များကလည်း တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်း ထားကြသည်။

အခင်းဖြစ်ပွားရာ ဆန်ဖို့ဒ်တွင် တရားရုံးရှေ့၌ ရာပေါင်းများစွာသော လူအုပ်က ဆူညံစွာ ဆန္ဒပြနေကြပြီး အကြမ်းဖက်မှု မရှိပေ။

“ထွက်လာတဲ့ စီရင်ချက်ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဂျော့ဇင်မာမန်း ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ ဖြစ်တဲ့အတွက် အပြစ် မရှိပါဘူး” ဟု ၎င်း၏ ရှေ့နေ မာ့ခ်အိုမာရာက ဆိုသည်။

“သေသွားတဲ့သူက လူဖြူဖြစ်ပြီးတော့၊ သတ်လိုက်တဲ့လူက လူမည်းဆိုရင် သူတို့ ဒီလို တရားသေ လွှတ်ပေးပါ့မလား” ဟု ဆန္ဒပြသူ တစ်ဦးက မေးခွန်း ထုတ်သည်။

The Voice Weekly