နှစ်ပေါင်း ၄၀ သက်တမ်းရှိ မူလွန်ကျောင်း ဖြိုချခံရ

ပို့စ်တင်ချိန် - 7/22/2013 05:16:00 PM

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာအုပ်စုရှိ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိ မူလတန်း လွန်ကျောင်းကို ဘုန်းကြီးကျောင်းအ နီးသို့ ပြောင်းရွှေ့ရန်အတွက်ဟု ဆိုကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၏ ခွင့်ပြုချက်မယူဘဲ ဇူလိုင်လ ၁၈ ရက်နေ့က ဖြိုချ ဖျက်ဆီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

မဒေါင်းကြီးကျေးရွာနှင့် ရွှေကာကျေးရွာ တို့ကြားတွင် တည်ရှိသော မူလတန်းလွန်ကျောင်းကို ယင်းနေ့ နံနက် ၆ နာရီအချိန်တွင် မဒေါင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလင်းဦးနှင့် မဒေါင်းကြီး စေတီကျောင်းတိုက် ဆရာတော် ဦးပညာသီရိတို့ အပါအဝင် လူ ၁၀၀ ခန့်က အတင်းဝင်ရောက် ဖြိုချခဲ့ကြောင်း မဒေါင်းကြီး ကျေးရွာအုပ်စု ရွှေကာရွာသား ဦးချမ်းမြေ့အောင်က ပြောကြားသည်။

ခင်ဦး မြို့နယ်ပညာရေးမှူး ဦးစိုးတင့်နှင့် ခင်ဦးမြို့နယ် ရဲစခန်းမှူးတို့ ရောက်ရှိလာပြီး ဖြိုချဖျက်ဆီးမှုများ မပြုလုပ်ရန် တားမြစ်သော်လည်း လက်မခံဘဲ ဆက်လက်ဖြိုချ ခဲ့ကြကြောင်း ၎င်းကဆိုသည်။

မဒေါင်းကြီးရွာ ဘုန်းကြီးကျောင်း အနီးရှိလယ်ကွက်သို့ ကျောင်းကို ပြောင်းရမည် ဆိုပြီး ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကာ ကျေးရွာသားတစ်ဦးက ဆိုသည်။

ဖြိုချ ဖျက်ဆီးမှုကြောင့် အလျား ၆၄ ပေ၊ အနံ ၂၉ ပေရှိ နံကပ် (အုတ်ပတ်ကား) သွပ်မိုး ပင်မကျောင်းဆောင် တစ်ဆောင်နှင့် အလျား ၄၅ ပေခန့်ရှိသော ထရံကာ၊ ထန်းရွက်မိုး ကျောင်းဆောင်တစ်ဆောင်တို့ ပျက်စီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်တွင် ကျောင်းကို ဖျက်ဆီးပြီးနေပြီး ယင်းပြဿနာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပညာမှူးရုံး၊ မြို့နယ်သာသနာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ကိုင်တွယ် ဖြေရှင်းနေကြောင်း ခင်ဦး ရဲတပ်ဖွဲ့စခန်းမှူး ဦးဘိုဘိုထွဋ်က ပြောကြားသည်။

The Voice Weekly