နှစ်၂၀ နီးပါးခန့် ပိတ်ထားသည့် မန္တလေးတက္ကသိုလ် ဘွဲ့သင်တန်းများ ပြန်ဖွင့်မည်

ပို့စ်တင်ချိန် - 7/18/2013 01:24:00 PM


မြန်မာနိုင်ငံတွင် ဒုတိယမြောက် အထင်ရှားဆုံး တက္ကသိုလ်တစ်ခုဖြစ်သော မန္တလေးတက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ နီးပါး ပိတ်ထားသည့် ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ် ပုံမှန် ဘွဲ့ကြို သင်တန်းများကို ယခု ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က The Voice သို့ ပြောကြားသည်။

ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ဦးရေ ၃၀ ဝန်းကျင်ခန့် လက်ခံ သင်ကြားပေးရန် အစီအစဉ်ရှိပြီး ကျောင်းသားများ ခေါ်ယူရေးအတွက် သတ်မှတ်မည့် တက္ကသိုလ် ဝင်ခွင့် အမှတ်စာရင်း မထွက်လာသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ် ဘွဲ့ကြို သင်တန်းများကို ပထမနှစ်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်ခွင့် ရသည့် ကျောင်းသူ ကျောင်းသားများကို လျှောက်ထားသော ဘာသာရပ်ပေါ် အခြေခံ၍ ၎င်းတို့၏ အရည်အချင်းကို မြှင့်တင်ပေးရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ကျောင်းဆောင်တွေကတော့ အရင်က ရှိခဲ့တဲ့ အဆောင်တွေမှာပဲ သင်ကြားဖို့ ရှိပါတယ်။ ကျောင်းဆောင်တွေ၊ စာသင်ခန်းတွေ ကိုတော့ ပြန်လည် ပြုပြင် မွမ်းမံမှုတွေ လုပ်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။

“သမီးကို မိဘတွေက မန္တလေးတက္ကသိုလ်မှာ ပညာသင်စေချင်ကြတာ။ ဒါပေမဲ့ ရတနာပုံ တက္ကသိုလ် မှာပဲ ပညာသင်နေရတယ်။ သမီးလည်း မန္တလေးတက္ကသိုလ်မှာ တက်ခွင့်ရရင် တက်ချင်တယ်” ဟု ရတနာပုံ တက္ကသိုလ်တွင် တတိယနှစ် ရူပဗေဒ ဘာသာရပ် အထူးပြုဖြင့် ပညာ သင်ကြားနေသူ ကျောင်းသူ တစ်ဦးက ဆိုသည်။

ယင်းသင်တန်းများတွင် သင်ကြားရေးအတွက် လိုအပ်မည့် ဆရာ၊ ဆရာမ များကို ပညာရေးဝန်ကြီးဌာန က စီစဉ်ပေးမည်ဖြစ်ပြီး လက်ရှိ မန္တလေး တက္ကသိုလ်တွင် သင်ကြားနေသည့် ဆရာ၊ ဆရာမများလည်း ပါဝင်မည်ဖြစ်ကြောင်း ဒုတိယ ပါမောက္ခချုပ်က ပြောကြားသည်။

မန္တလေး တက္ကသိုလ် ဘွဲ့ကြိုတန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

The Voice