ကိုယ်အလေးချိန် လျှော့ချနိုင်သည့် ဒူဘိုင်းမြို့ခံများ ရွှေသားဆု ရရှိမည်

ပို့စ်တင်ချိန် - 7/21/2013 09:13:00 AM


ပင်လယ်ကွေ့ ဒေသရှိ ချမ်းသာကြွယ်ဝသော အာရပ်နိုင်ငံတွင် အဝလွန်မှု တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို အစိုးရက ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ယခုကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်

UAEနိုင်ငံ၊ ဒူဘိုင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့သည် မြို့ခံလူထုအား ကိုယ်အလေးချိန် သိသိသာသာ လျှော့ချနိုင်ပါက ရွှေသားဖြင့် ဆုချသွားမည်ဟု မက်လုံးပေး ကြေညာလိုက်သည်။ ပင်လယ်ကွေ့ ဒေသရှိ ချမ်းသာကြွယ်ဝသော အာရပ်နိုင်ငံတွင် အဝလွန်မှု တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို အစိုးရက ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး ယခုကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရက်(၃၀)အတွင်း ကိုယ်အလေးချိန် သိသိသာသာ လျှော့ချနိုင်ရေး စိန်ခေါ်မှုသည် သောကြာနေ့က စတင်အကျုံးဝင်ခဲ့ပြီး အစ္စလာမ် ဘာသာ၏ မြင့်မြတ်သော ရာမာဒန် ဥပုသ်လနှင့်လည်း အချိန် တိုက်ဆိုင်နေသည်။ ယင်းဥပုသ်လအတွင်း အစ္စလာမ် ဘာသာဝင်တို့သည် နေရောင်ကျရောက်နေသော နေ့ပိုင်းကာလတွင် အစာစားခြင်း၊ ရေသောက်ခြင်းတို့အား ရှောင်ကြဉ်သည့် အလေ့အထကို ကျင့်ကြံကြသည်။

ဒူဘိုင်းတွင် အဝလွန်သည့် ကိစ္စသည် ပြဿနာ တစ်ခုသဖွယ် ကြီးမားကျယ်ပြန့်လာပြီးနောက် အစိုးရက ကူးစက်ရောဂါ တစ်ခုဟုပင် တင်စား သတိပေးခဲ့သည်။ သောကြာနေ့တွင် ယခုစိန်ခေါ်မှုအတွက် မှတ်ပုံတင်သူ ဒူဘိုင်း ဒေသခံတိုင်းသည် ဩဂုတ်လ (၁၆)ရက်နေ့၌ ကိုယ်အလေးချိန် ပြန်လည်တိုင်းတာပြီး ကိုယ်အလေးချိန် တစ်ကီလိုဂရမ် လျော့ကျတိုင်း ရွှေသား (၁)ဂရမ် လက်ဆောင်ရမည် ဖြစ်သည်။ ယင်းသည် ပေါက်ဈေးအားဖြင့် (၄၂)ဒေါ်လာမျှ ရှိနေသည်။ ဒူဘိုင်း အာဏာပိုင်များက "သင့်ကိုယ်အလေးချိန်အတွင် ရွှေသား"ဆိုသော အမည်ဖြင့် ယခု အစီအစဉ်ကို ကြေညာခဲ့သည်။

ကိုယ်အလေးချိန် အများဆုံး လျှော့ချနိုင်သူ (၃)ဦးကို ဒေါ်လာ (၅၄၀၀) တန်ဖိုးရှိသည့် ရွှေဒင်္ဂါးများ သီးခြား ချီးမြှင့်မည်ဟု ဆိုသည်။ သို့သော်လည်း ယခုအစီအစဉ်တွင် ပါဝင်သူတိုင်းသည် အနည်းဆုံး ကိုယ်အလေးချိန် (၂)ကီလိုဂရမ် [(၄.၄)ပေါင်] လျော့ကျမှ စစ်ဆေးမှု အောင်မြင်သည့် စာရင်းတွင် အကျုံးဝင် ထည့်သွင်းမည် ဖြစ်သည်။ "သတ်မှတ်ချက်တွေတော့ ရှိတယ်။ ပြိုင်ပွဲဝင်တွေဟာ သတ်မှတ်နည်းလမ်းတွေအတိုင်း အစားအသောက် လျှော့ချဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် မသင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုတာမျိုးကို တားမြစ်ထားတယ်"ဟု ဒူဘိုင်း မြူနီစီပယ်အဖွဲ့က ကြေညာသည်။

ဒူဘိုင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက UAE နိုင်ငံတွင်ရော၊ အနီးဝန်းကျင် အာရပ်နိုင်ငံ အချို့တွင်ပါ အဝလွန်မှု တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ ဒူဘိုင်းတွင် အဝလွန်မှုသည် တစ်စထက်တစ်စ ကြီးထွားလာနေပြီး အထူးသဖြင့် ကလေးများပါ ကိုယ်အလေးချိန် လွန်ကဲနေခြင်းအပေါ် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။

Planet Myanmar Network