မုံရွာတွင် တက္ကသိုလ်ကျောင်းသားတစ်ဦး အုပ်စုဖြင့်ရိုက်နှက်ခံရပြန်

ပို့စ်တင်ချိန် - 7/15/2013 04:56:00 PM


မုံရွာမြို့တွင် တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦးကို အုပ်စုဖွဲ့၍ ရိုက်နှက်မှုတစ်ခု ဇူလိုင် ၁၀ ရက် ညသန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ရှိ အမှတ်-၂ ရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

“ဆိုင်ကယ်စီးလာတဲ့ သူတွေက ၀ိုင်းအုံပြီး ရိုက်နှက်လို့ ကျွန်တော်မေ့လဲသွားတယ်”ဟု ရိုက်နှက်ခံရသူ သင်္ချာဘာသာရပ် ပထမနှစ်ကျောင်းသား မောင်လှိုင်ဝင်းအောင်က ထိုညကအဖြစ်အပျက်ကို ပြန်လည် ပြောကြားသည်။ “ရန်ငြိုးရန်စ လုံးဝမရှိပါဘူး။ ဘောလုံးပွဲကြည့်ပြီး အိမ်ပြန်လာတဲ့အခါ ခွေးကြောက်လို့ လက်ထဲမှာတော့ တုတ်လေးတစ်ချောင်း ကိုင်လာခဲ့ပါတယ်” ဟုလည်း သူကဆက်ပြောသည်။

လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ကလည်း အမျိုးသမီးအဆောင်ရှေ့ဂစ်တာတီးနေသည့် မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများကို ၎င်းတို့တက္ကသိုလ်မှအခြားကျောင်းသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်တစ်ခု မုံရွာတွင် ဖြစ်ပွားခဲ့သည်။ ထိုရိုက်ပွဲနှင့် ပတ်သက်၍ သံသယရှိသူ ကျောင်းသားကိုးဦးကိုလည်း ရဲကဖမ်းဆီးထားသည်။

မောင်လှိုင်ဝင်းအောင်ကို ရိုက်နှက်သူများသည် မည်သူမည်ဝါဖြစ်သည်ကို ကာယကံရှင်ကိုယ်တိုင်က မသိသဖြင့်ရဲများက ဖမ်းဆီးရန် လတ်တလော၌ လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

မောင်လှိုင်ဝင်းအောင်သည် ဓားဒဏ်ရာခြောက်ခုနှင့် ဦးခေါင်းဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုအကြမ်းဖက်သည့် လူအုပ်စုသည် ၁၀ ဦးခန့်ပါဝင်ကြောင်း အခင်းဖြစ်ပွားခဲ့သည့် ရပ်ကွက်၏ဆယ်အိမ်မှူး ဦးအောင်မြင့်က အတည်ပြု ပြောကြားထားသည်။

လက်ရှိတွင် မောင်လှိုင်ဝင်းအောင်ကို မုံရွာဆေးရုံတွင် ပို့ဆောင်ကုသထားပြီး သူ့ကိုအကြမ်းဖက်သူများ ကိုရဲစခန်းက အမှုအမှတ်(ပ)၃၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားသလို အကြမ်းဖက်သူများအဖြစ် သံသယရှိသူများကိုဖမ်းမိပါက ပြစ်မှုဆိုင် ရာဥပဒေ ပုဒ်မ ၃၂၆/၃၂၅ ဖြင့် တရားစွဲ ဆိုခံရနိုင်ချေရှိသည်ဟုလည်း သက်ဆိုင်ရာ ရဲစခန်းကထုတ်ပြန်သည်။

ကိုတိုးကြီး
Mizzima - News in Burmese