iPhone 5 ကြောင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို Apple စုံစမ်းမည်

ပို့စ်တင်ချိန် - 7/17/2013 04:55:00 PM


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသက်(၂၃)နှစ်ရှိ အမျိုးသမီးတစ်ဦး iPhoneကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဓာတ်လိုက်သေဆုံးကြောင်း စွပ်စွဲမှုများ ကျယ်ပြန့်လာသည့်နောက် မိမိတို့၏ ထုတ်ကုန်နှင့် ပတ်သက်ပြီး အမေရိကန် နည်းပညာ လုပ်ငန်းကြီးက စီစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်/
Appleကုမ္ပဏီသည် iPhone 5ကြောင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက် သေဆုံးကြောင်း သတင်းများအပေါ် အသေးစိတ် စုံစမ်းမှု စတင်လုပ်ဆောင်နေကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အသက်(၂၃)နှစ်ရှိ အမျိုးသမီးတစ်ဦး iPhoneကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဓာတ်လိုက်သေဆုံးကြောင်း စွပ်စွဲမှုများ ကျယ်ပြန့်လာသည့်နောက် မိမိတို့၏ ထုတ်ကုန်နှင့် ပတ်သက်ပြီး အမေရိကန် နည်းပညာ လုပ်ငန်းကြီးက စီစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ သေဆုံးသူ အမျိုးသမီး မာအိုလွန်း၏ အစ်ကိုဖြစ်သူက မိမိတို့ မိသားစုသည် မာက အားသွင်းထားစဉ် ဖုန်းဖြေဆိုရန် ကိုင်လိုက်ရာမှ ဓာတ်လိုက်သွားခြင်းဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရှီဂျီအန်းတွင် ဖြစ်ပွားသော မှုခင်းအတွက် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့က သေဆုံးမှု ဖြစ်စဉ်သည် ဖုန်းတစ်လုံးကြောင့်ဆိုသော မှတ်ချက်ပေးမှုမျိုး ပြုလုပ်မထားချေ။ မာ၏ အစ်မဖြစ်သူက တရုတ် Micro-Blogging ဝက်ဘ်ဆိုက်ဖြစ်သော Sina Weiboတွင် ပြီးခဲ့သည့် သီတင်းပတ် သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး "ကျွန်မ အနေနဲ့ Appleက ဒီကိစ္စကို ဖြေရှင်းချက်တစ်ခု ပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ လူအားလုံးလည်း ဖုန်းအားသွင်းထားတုန်း အသုံးပြုတာမျိုးကို ရှောင်ကြဉ်ကြဖို့ မျှော်လင့်ပါတယ်"ဟု ရေးသားခဲ့သည်။

Appleက "ဒီကြေကွဲစရာ အဖြစ်အပျက်အကြောင်း ကြားသိရတော့ ကျွန်တော်တို့ အလေးအနက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်သိမ့်စကားကိုလည်း မာမိသားစု သိရှိစေချင်ပါတယ်။ ဒီကိစ္စအပေါ် အပြည့်အဝ စုံစမ်းစစ်ဆေးမှာ ဖြစ်သလို တာဝန်ရှိသူတွေနဲ့လည်း ဒီအတွက် ပူးပေါင်း လုပ်ဆောင်ပါမယ်"ဟု ကြေညာခဲ့သည်။ မာသည် တောင်တရုတ် လေကြောင်းလိုင်းမှ လေယာဉ်မယ် တစ်ဦးဖြစ်ပြီး ဩဂုတ်လတွင် လက်ထပ်ရန် စီစဉ်ထားကြောင်း သတင်းများက ဆိုသည်။ သူမ၏ အစ်မဖြစ်သူက မာသည် တရုတ်နိုင်ငံတွင် စတင်ရောင်းချပြီး မကြာမီ အချိန်အတွင်းမှာပင် iPhone 5တစ်လုံးကို ဝယ်ယူခဲ့ကြောင်း ရှင်းပြခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် မာသည် ဖုန်းကို iPhone 5၏ မူရင်းပါရှိသော အားသွင်းကိရိယာဖြင့်ပင် ဓာတ်အားသွင်းထားကြောင်းလည်း သူမက ဆိုသည်။ တရုတ် စားသုံးသူများ အဖွဲ့ချုပ်က (၂၀၁၀)ပြည့်နှစ်တွင် အမျိုးသား တစ်ဦးသည် မူရင်းဖုန်းဟန်းဆက်၏ အားသွင်းစက် မဟုတ်သော ကိရိယာနှင့် အားသွင်းရင်း ဖုန်းပြောရာမှ ဓာတ်လိုက် သေဆုံးဖူးကြောင်း ဖော်ထုတ်ခဲ့သည်။

ဗြိတိန်မှ ပရော်ဖက်ဆာ ဝီလ်စတီးဝပ်က "ဖုန်းတစ်လုံးကို အားသွင်းနေတုန်း အသုံးပြုတယ် ဆိုရင်တောင် လုံးဝဥဿုံ ဘေးကင်းတယ်ဆိုတဲ့ အာမခံချက်မျိုးတော့ ရှိသင့်တယ်။ တစ်ချက် စဉ်းစားရမှာက ဖုန်းအားသွင်းရင် 5V ဗို့အားအောက်လောက်ပဲ ရှိတတ်တာပါ။ အန္တရာယ် ဖြစ်နိုင်လောက်တဲ့ စံနှုန်းနဲ့ တိုင်းတာရင် သိပ်ကို နည်းပါတယ်။ ဒါတောင် ပြဿနာ မဖြစ်အောင် မစီမံနိုင်ဘူး ဆိုတာမျိုးကတော့ သဘာဝ မကျပါဘူး။ ဒါပေမဲ့ ဖုန်းအသုံးပြုသူတွေ ဘက်ကလည်း ရေချိုးခန်းလို နေရာမျိုးမှာ၊ နောက်ပြီး ကိုယ်က ရေစိုနေချိန်မျိုးမှာ အားသွင်းနေတဲ့ ဖုန်းကိုတော့ မသုံးသင့်ဘူး။ ရေက ဖုန်းကြိုးကနေတစ်ဆင့် ပလပ်ပေါက်ထဲ စီးဝင်သွားနိုင်တာကြောင့်ပါ"ဟု ပြောကြားသွားသည်။

Planet