KIA ကားဝယ်လျှင် ကျပ် ငါးသိန်းဖိုး ဆီ အခမဲ့ ထည့်ခွင့်ရမည်

ပို့စ်တင်ချိန် - 7/26/2013 02:20:00 PM


ရန်ကုန်၊ ဇူလိုင် ၂၅

တောင်ကိုရီးယားနိုင်ငံ KIA မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်သည့် Sorento နှင့် Optima ကား များကို KIA Showroom တွင် သတ်မှတ် ကာလအတွင်း ဝယ်ယူပါက ကျပ် ငါးသိန်းဖိုး အခမဲ့ စက်သုံး ဆီ ထည့်ခွင့် ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကားများကို တင်သွင်း ရောင်းချနေသည့် Super Seven Star Company(S.S.S) ၏ ဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကားများသည် မြန်မာနိုင်ငံတွင် အခွန်အခ ကြီးမြင့်မှုကြောင့် ပြည်ပ ပေါက်ဈေးထက် ဒေါ်လာ တစ်သောင်း (ကျပ် ၉၅ သိန်း) ခန့် ဈေးပိုများမည်ဖြစ်ပြီး ကား တစ်စီးလျှင် မြန်မာ ကျပ်ငွေ သိန်း ၄၀၀ ခန့် ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Sorento နှင့် Optima ကား အစီး ၆၀ ကို ယခုနှစ် ဇူလိုင်လ ၁၄ ရက်မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် အခမဲ့ အရောင်းပွဲတော် ကာလ အတွင်း ဝယ်ယူပါက Max Energy ဆီဆိုင်တွင် တစ်ကြိမ်လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ကျပ် ငါးသိန်းဖိုး အခမဲ့ ဆီထည့်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ဆီထည့်ခွင့် မယူသော ဝယ်သူများကို ကား တန်ဖိုးမှ ကျပ် ငါးသိန်း လျှော့ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

KIA ကုမ္ပဏီ၏ လက်ကမ်း စာစောင်များတွင် Sorento ခုနစ်ယောက်စီး ၂၂၀၀ စီစီ ဒီဇယ် အင်ဂျင်ကား များနှင့် Optima ငါးယောက်စီး ၂၀၀၀ စီစီ ဓာတ်ဆီ အင်ဂျင် ကားများ ဝယ်ယူပါက ကီလို ၅၀၀၀ အခမဲ့ ဆီထည့်ခွင့် ရရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့အပြင် KIA Service Center တွင် သုံးနှစ် အခမဲ့ ပြုပြင် ထိန်းသိမ်းခွင့်နှင့် Junction Center များတွင် ကျပ် သုံးသိန်းထိ အခမဲ့ ဈေးဝယ်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ Junction Center မှပေးသော Lucky Draw ဆယ်ခု ထပ်မံ ရရှိမည်ဖြစ်ပြီး ထို Lucky Draw မှ မဲပေါက်ပါက Rio ကားအသစ် တစ်စီး ထပ်မံ ရရှိမည် ဖြစ်ကြောင်း Super Seven Star Company(S.S.S) ၏ ဈေးကွက် မန်နေဂျာ ဒေါ်ယွန်းမီမီက The Voice သို့ ပြောကြားသည်။

KIA Showroom မှ Promotion ပွဲများ ပြုလုပ်ခဲ့ဖူးသော်လည်း အခမဲ့ အရောင်းပွဲတော်မှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဒေါ်ယွန်းမီမီ က ပြောကြားသည်။

KIA Showroom ကို ၂၀၁၂ မေလတွင် မြန်မာနိုင်ငံ၌ စတင် ဖွင့်လှစ်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ တစ်ဦး တည်းသော အရောင်း ကိုယ်စားလှယ်အဖြစ် ရရှိခဲ့ကာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Brand New ကားများ ရောင်းချ ခွင့်ရသည့် ကုမ္ပဏီဖြစ်သည်ဟု Super Seven Star Company မှ သိရသည်။
The Voice Weekly