Nokia ကုမ္ပဏီသည် ကင်မရာ အရည်အသွေး အလွန်ကောင်းမွန်သည့် Lumia 1020 စမတ်ဖုန်းသစ်ကို မိတ်ဆ

ပို့စ်တင်ချိန် - 7/12/2013 06:23:00 PM


Planet Myanmar Network
Nokia ကုမ္ပဏီသည် ကင်မရာ အရည်အသွေး အလွန်ကောင်းမွန်သည့် Lumia 1020 စမတ်ဖုန်းသစ်ကို မိတ်ဆက် ပြသလိုက်သည်။ အဆိုပါ ဖုန်း၏ ကင်မရာ အရည်အသွေးသည် 41 megapixelထိ မြင့်မားပြီး စမတ်ဖုန်း တစ်လုံးအတွက် လုံးဝ စိတ်ကူးမျှော်လင့်ခြင်း မရှိလောက်သည့် ပုံရိပ် အရည်အသွေးမျိုးကို အနုစိတ် မှတ်တမ်းတင်နိုင်မည်ဟု Nokiaက ကြေညာသည်။

မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် iPhoneနှင့် Android အသုံးပြု ဖုန်းများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ကြုံနေရသည့် ဖင်လန်အခြေစိုက် ကုမ္ပဏီကြီးက Lumia 1020တွင် ဓာတ်ပုံ ရိုက်သူများ အနေဖြင့် ဖုန်း၏ Zoomကို အကျယ်ချဲ့ ဆွဲယူသည့်တိုင် ဓာတ်ပုံတွင် ဝေဝါးမှု လုံးဝ မရှိနိုင်ကြောင်း အာမခံထားသည်။ သုတေသီများကလည်း စမတ်ဖုန်း ဈေးကွက်တွင် Lumia 1020သည် ကင်မရာ စွမ်းဆောင်ရည် အပိုင်းတွင် လုံးဝဥဿုံ အငြင်းပွားစရာမရှိ အကောင်းဆုံးဟု ထောက်ခံထားသည်။

ဈေးကွက်လေ့လာရေး လုပ်ငန်းတစ်ခုဖြစ်သော IDCက Lumia 1020သည် စိတ်ဝင်စားစရာ ထုတ်ကုန်တစ်ခုဟု ထောက်ခံခဲ့သော်လည်း စမတ်ဖုန်း ပရိသတ်များ အကြိုက်ဆုံး ဖန်တီးမှု တစ်ခု၊ သို့မဟုတ် Bestseller ဖုန်းအသစ်တစ်ခု ဖြစ်လာရန်မူ မသေချာကြောင်း သုံးသပ်ခဲ့သည်။ Nokiaက ယခုဖုန်းသည် ကင်မရာ ကောင်းမွန်မှုအပြင် အရည်အသွေး မြှင့်တင်မှု (၂၃)ခုကို ပြုလုပ်ထားပြီး အသံပိုမိုကြည်လင်ခြင်း၊ ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာခြင်းနှင့် ဖုန်း၏ လုံခြုံရေးကဏ္ဍသည် အကောင်းဆုံး အဆင့်တွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ခုချိန်မှာ လူတွေက သူတို့ရဲ့ ဓာတ်ပုံတွေကို Social Networkတွေပေါ် မြန်မြန်ဆန်ဆန် တင်ချင်ကြတယ်လေ။ ဒီလို ဝယ်လက်မျိုး အတွက်တော့ ဒီဖုန်းက အကောင်းဆုံး ဓာတ်ပုံ အရည်အသွေးကို ထောက်ပံ့ပေးလိမ့်မယ်"ဟု ဈေးကွက် သုတေသီ တစ်ဦးဖြစ်သော ဖရန်ဆစ္စကို ဂျာရိုနီမိုက မှတ်ချက်ပြုခဲ့သည်။ Lumia 1020သည် Nokia၏ 41 Megapixel ကင်မရာတစ်လုံးကို ဖုန်းတွင် ဒုတိယမြောက် တပ်ဆင်မှု လက်ရာလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က Pureview 808ကို Nokiaက ထုတ်ဝေဖူးပြီး ထိုစဉ်ကမူ ကန့်သတ်ချက် များပြီး လူသုံးနည်းသွားသည့် Symbian OSကို အသုံးပြုထားသဖြင့် ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ချေ။ သို့သော်လည်း ယခုစမတ်ဖုန်းတွင်မူ Microsoft၏ Windows Phoneကို Platformအဖြစ် ရွေးချယ်ထားသည်။ ယင်းOSတွင် Appပေါင်း (၁၆၀၀၀၀)ကျော်မျှ ရွေးချယ်စရာ ရှိနေပြီ ဖြစ်သည်။

Lumia 1020သည် ဗီဒီယို ရိုက်နေရင်း ဓာတ်ပုံပါ ရိုက်နိုင်ရာ Pureview 808ထက် ပိုမိုသာလွန်သည်။ Lumia 1020သည် ဈေးကွက်ထဲတွင် Samsung၏ Galaxy S4 Zoomနှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ယင်းသည် Optical Zoomကို (၁၀)ဆ ချဲ့နိုင်သည့် ကင်မရာစွမ်းရည် ပါရှိပြီး အဝေးမှ ပုံရိပ်များကို ကြည်လင်စွာ ရိုက်ကူးနိုင်သည်။ အဆိုပါ စွမ်းရည်မျိုးသည် စမတ်ဖုန်းများထက် သီးခြား ကင်မရာများတွင်သာ ပိုမို ပါရှိသည်။

Lumia 1020ကို Processorအဖြစ် 1.5 GHz Dual-Core Qualcomm Kraitဖြင့် မောင်းနှင်ပြီး Memory 2GBပါရှိသည်။ GPUအတွက် Qualcomm Adreno 225က ထောက်ပံ့မည်ဖြစ်ပြီး Storageပမာဏ 32GBထိ ဝင်ဆံ့သည်။ AMOLED Displayအကျယ် (၄.၅)လက်မရှိပြီး 41 Megapixel အရည်အသွေးရှိ နောက်ဘက် ကင်မရာ၊ 1.3 Megapixel ပမာဏရှိ ရှေ့ဘက် ကင်မရာတို့ တပ်ဆင်ထားကြောင်း သိရှိရသည်။