Wi-Fi ကွန်ရက်ကို အနုပညာပုံရိပ်အဖြစ် ဖန်တီးပြသ

ပို့စ်တင်ချိန် - 7/29/2013 11:34:00 AM


အမေရိကန် နိုင်ငံမှ အနုပညာရှင် တစ်ဦးသည် Wi-Fiကွန်ရက်များ ပျံ့နှံ့နေမှုကို အရောင်ဖြင့် ပုံရိပ်ဖော် ပြသသည့် ဖန်တီးမှုများ ပြုလုပ်ပြခဲ့ရာ ထူးခြားလှပသည့် မြင်ကွင်းများ ဖြစ်လာ
Posted on Jul 28 13 - 04:01 PM | Hits : 361

ပတ်ဝန်းကျင်တွင် ထုတ်လွှင့်ထားသည့် Wi-Fiကွန်ရက်ကို မျက်စိဖြင့် တွေ့မြင်နိုင်ပါက လှပသော အနုပညာ ပုံရိပ်တစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင် တစ်ဦးက ဖန်တီး ပြသခဲ့သည်။ အမေရိကန် နိုင်ငံမှ အနုပညာရှင် တစ်ဦးသည် Wi-Fiကွန်ရက်များ ပျံ့နှံ့နေမှုကို အရောင်ဖြင့် ပုံရိပ်ဖော် ပြသသည့် ဖန်တီးမှုများ ပြုလုပ်ပြခဲ့ရာ ထူးခြားလှပသည့် မြင်ကွင်းများ ဖြစ်လာသည်။ Wi-Fiကွန်ရက်၏ လှိုင်းအနိမ့်အမြင့်နှင့် ပျံ့နှံ့ပုံ စက်ကွင်းများကို အရောင်များဖြင့် သရုပ်ဖော်သည့် အဆိုပါ မြင်ကွင်းများကို နစ်ကိုလေလမ်းက NASAမှ နက္ခတ်ဇီဝဗေဒ ပညာရှင် တစ်ဦး၏ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

နစ်ကိုလေသည် NASAပညာရှင် ဘရောင်နင်ဗိုဂဲလ်ထံမှ အင်တာနက် ကြိုးမဲ့ကွန်ရက်၏ ရွေ့လျားမှု သဘောတရားနှင့် စက်ကွင်း ပျံ့နှံ့မှု သဘောတရားတို့ကို မေးမြန်း လေ့လာခဲ့သည်။ ၎င်းသည် ဝါရှင်တန်ဒီစီ မြို့တော်ရှိ သမ္မတရုံးစိုက်ရာ အိမ်ဖြူတော် အဆောက်အအုံ၊ အမျိုးသားခန်းမတို့အနီး Wi-Fiကွန်ရက် ဖြန့်ကျက်မှုကို ဖန်တီး သရုပ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Wi-Fiကွန်ရက်အတွင်း မတူညီသည့် Sub Channelများကို ကွဲပြားသော အရောင်များဖြင့် ပုံရိပ်ဖော်ခဲ့သည့်နောက် လှပသည့် စက်ကွင်းကောက်ကြောင်းများ ဖြစ်ပေါ်လာသည်။



နစ်ကိုလေက မိမိ၏ စိတ်ကူးသည် Wi-Fiကွန်ရက်များ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို လူအများ သိရှိအောင် သင်ပြပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ "Wi-Fi နည်းပညာကို ကျွန်တော်တို့ ခဏခဏ သုံးနေပေမယ့် အဲဒီနည်းပညာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို တွေးမိတာ ရှားလွန်းပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အသုံးများတဲ့ နည်းပညာ တစ်ခုအတွက် သိပ္ပံပညာက ဘယ်လို ဖန်ဆင်းခဲ့တယ် ဆိုတာကို အသိအမှတ် မပြုမိကြဘူး မဟုတ်လား"ဟု နစ်ကိုလေက ပြောကြားခဲ့သည်။

၎င်းသည် Wi-Fi ထုတ်လွှင့်မှု လှိုင်းကြိမ်နှုန်းအလိုက် ကွဲပြားမှုကို အဝါ၊ အပြာ၊ အစိမ်း၊ အနီရောင်များ ခွဲခြားပြထားခဲ့သည်။ "Wi-Fiစက်ကွင်းက စက်ဝန်းပုံ၊ ဒါမှမဟုတ် ဘဲဥပုံမျိုးနဲ့ အများဆုံး တည်ရှိတတ်ပါတယ်"ဟုလည်း နစ်ကိုလေက ဆိုသည်။ ထို့အပြင် Wi-Fi၏ လှိုင်းအလျားသည် ရေဒီယိုလှိုင်းများထက် တိုပြီး မိုက်ကရိုလှိုင်းများထက် ရှည်ရာ ကြိမ်နှုန်း ကွဲပြားမှုကြောင့် Wi-Fi၏ သီးခြားထုတ်လွှင့်မှု တစ်ခုကို အခြားလှိုင်းများက နှောင့်ယှက်နိုင်ခြင်း မရှိဟုလည်း ၎င်းက ရှင်းပြသွားသည်။