စစ်ရေး အန္တရာယ်မျဉ်း ဂျပန် ဖြတ်ကျော်ဟု မြောက်ကိုရီးယား သတိပေး

ပို့စ်တင်ချိန် - 8/09/2013 02:21:00 PM

စစ်လက်နက် ပြန်လည် တပ်ဆင်ရေး စီမံကိန်းသစ်ကို ဂျပန်နိုင်ငံက လုပ်ဆောင်လိုက်ခြင်းဖြင့် စစ်အင်အားကြီး နိုင်ငံတစ်ရပ်အဖြစ် ပြန်လည် တည်ထောင်ရန် ကြိုးပမ်းနေပြီး စစ်ရေးအန္တရာယ် မျဉ်းကို ကျော်ဖြတ်လိုက် သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီက စွပ်စွဲ ပြောကြား သွားကြောင်း Japan Daily Press တွင် ဖော်ပြထားသည်။

ဇူလိုင်လအတွင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် ငြိမ်းချမ်းရေး လိုလားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး လှည့်စား လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ယခင် ကာလကကဲ့သို့ စစ်အင်အားကြီး နိုင်ငံအဖြစ် ပြန်လည် ထူထောင်ရန် စီစဉ်ခြင်း ဖြစ်သည် ဟု မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက စွပ်စွဲ ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယား နိုင်ငံထံမှ နျူကလီးယား ခြိမ်းခြောက်မှုဆိုသည့် အရာကို အသုံးပြုပြီး ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ အပိုဒ် ၉ ပြင်ဆင်ရေး တိတ်တဆိတ် လုပ်ဆောင်နေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိ မထားမိအောင် လမ်းလွဲ လုပ်ဆောင်နေကြောင်း ဗဟိုသတင်း အေဂျင်စီ က ပြောကြားသည်။

အခြေခံဥပဒေ အပိုဒ် ၉အရ နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်အင်အားသုံး ဖြေရှင်းခြင်း မပြုရန် ဂျပန်နိုင်ငံကို ကန့်သတ် ပိတ်ပင်ထား သည်။

ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များမှာ ခေတ်မီ လက်နက်များ တပ်ဆင် ထားပြီး ငွေကြေး ထောက်ပံ့မှု အလုံအလောက် ရရှိထားသော တပ်မတော် ဖြစ်သော်လည်း နိုင်ငံတကာ အရေးအခင်း များတွင်း စစ်ရေးဖြင့် ဝင်ရောက် ပတ်သက်နိုင်ခွင့် မရှိချေ။

ထို့အပြင် ဂျပန် တပ်ဖွဲ့ဝင်များ အင်အား တိုးချဲ့ရေးနှင့် ပတ်သက်လာလျှင် လည်း အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေ သည်။

သို့သော်လည်း ဂျပန် အခြေခံဥပဒေမှာ စတင် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနစ်မှစ၍ တစ်ကြိမ်တစ်ခါမျှ ပြင်ဆင် ဖြည့်စွက်ရခြင်း မရှိသေးပေ။

မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် အလုံးစုံ ပြည့်စုံသော ထိန်းချုပ်ရေး စစ်ရေး စွမ်းရည်တစ်ခု တည်ဆောက် ထားရန် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စက္ကူဖြူ စာတမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ယင်းကဲ့သို့ ဖော်ပြချက်မှာ ကျိုးကြောင်း ဆီလျော်မှု မရှိဘဲ ယုတ္တိလည်း မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံက တုံ့ပြန်လိုက်သည်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး စစ်သင်္ဘောဖြစ်သော ရဟတ်ယာဉ်တင် စစ်သင်္ဘော တစ်စင်းကို ထုတ်ဖော် ပြသလိုက်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။