သွားဆေးတက္ကသိုလ် သုံးလွှာမှ အမျိုးသမီးတစ်ဦး ခုန်ချ

ပို့စ်တင်ချိန် - 8/02/2013 07:20:00 PM


ဇော်ဇော်ထွေး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်အဆောက်အအုံပေါ်မှ အမျိုးသမီး တစ်ဦး ခုန်ချခဲ့မှုတစ်ခု ဇူလိုင် ၃၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ခုန်ချသူမှာ အသက် ၂၈ နှစ်အရွယ်ရှိသည့် အမျိုးသမီးဖြစ်ပြီး သူမသည် တွံတေးမြို့နယ် သုံးအိမ်ရွာမှ ဆေးလာကုခြင်း ဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူမသည် ယာဘက်အာခေါင်၌ အကြိတ်တစ်ခုပေါက်နေသဖြင့် ခွဲစိတ်ကုသရန် အတွင်းလူနာအဖြစ် သွားဆေးတက္ကသိုလ်တွင် တက်ရောက် ကုသနေခြင်းဖြစ်သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မည်သည့် အကြောင်းအရင်းကြောင့် ထိုသို့ တက္ကသိုလ်အဆောင်ပေါ်မှ ခုန်ချလိုက်ခြင်း ဖြစ်သည်ကိုမူ ရဲများက ထုတ်ပြန်ထားခြင်း မရှိပေ။

သူမသည် ထိုသို့ခုန်ချမှုကြောင့် နောက်စေ့ဖူးရောင်၊ ယာလက်ဖျံကျိုး၊ အပေါ်သွား နှစ်ချောင်းကျိုး၊ ယာပေါင်ကျိုးစသည့် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။

ဒဏ်ရာများသည် စိုးရိမ်ရသော အခြေအနေရှိပြီး သူမကို နံနက် ၄ နာရီကျော် အချိန်ကတည်းက ရန်ကုန် ဆေးရုံကြီး၌ ပို့ဆောင်ကုသထားကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ အစာအိမ် အူလမ်းကြောင်းပိတ် ဝေဒနာရှင်တစ်ဦးသည် တွံတေးမြို့နယ်မှ ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသမှု ခံယူနေစဉ် ဝေဒနာမခံစားနိုင်သဖြင့် ဆေးရုံကြီးပေါ်မှ ခုန်ချသေဆုံးမှု တစ်ခု ဇွန်လ ၈ ရက်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။
Mizzima - News in Burmese