လမ်း ၃၀ ဖက်ရှင်မျက်မှန်ဆိုင် မီးလောင်

ပို့စ်တင်ချိန် - 8/09/2013 01:54:00 PM


ရန်ကုန်၊ သြဂုတ် ၈

ရန်ကုန်မြို့လယ်ကောင် ပန်းဘဲတန်းမြို့နယ် (၆) ရပ်ကွက်၊ လမ်း၃၀ (အောက် ဘလောက်)၊ အမှတ် ၇၈ ရှိ ဖက်ရှင်မျက်မှန်ဆိုင်တွင် သြဂုတ်လ ၈ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အလျား ၁၂ ပေ ၊ အနံ ပေ ၄၀ ရှိသော အာစီနှစ်ထပ်တိုက် မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် မျက်မှန်ဆိုင်၏ ထပ်ခိုးတွင် မတ်ရပ်ပန်ကာ ဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၁၀ မိနစ်ခန့်သာ လောင်ကျွမ်းခဲ့ပြီး ပန်ကာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အဆိုပါ မီးလောင်မှုကို စစ်ဆေးသည့် မီးသတ်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

“မီးခိုးတွေထွက်နေတာ နာရီဝက်လောက်ရှိပြီ၊ တစ်လမ်းလုံး ညှော်နံ့တွေချည်းပဲ” ဟု အဆိုပါလမ်းတွင်း နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

မျက်မှန်ဆိုင် မီးလောင်မှုကြောင့် ပိုင်ရှင် ဦးလှဌေးကို(ပ) ၂၄၉/ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly