ရန်ကုန်တွင် အလိုအလျောက်အမှိုက်သိမ်းယာဉ် များဖြင့် သန့်ရှင်းရေးလုပ်မည်

ပို့စ်တင်ချိန် - 8/01/2013 06:25:00 PM


ရန်ကုန် ဇူလိုင် ၃၁

ရန်ကုန်မြို့တော်ရှိ သန့်ရှင်းရေးလုပ်ငန်း များနှင့် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းကို အမေရိကန်နိုင်ငံထုတ် အလိုအလျောက် အမှိုက်သိမ်း ယာဉ်များဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားသည်။

အမှိုက်သိမ်းဆည်းရာတွင် အသုံးပြုရန် အဆိုပါဌာနက Compactor Garbage Truck with Rear Bin Lifter (အမှိုက်ပုံး ချိတ်ဆွဲ၍ အလိုလျောက် အမှိုက်သိမ်းယာဉ်) အစီးရေ ၃၈ စီး၊ Road Cleaner Truck (လမ်းရေဆေးသန့်ရှင်းသောယာဉ်) နှစ်စီး၊ Road Cleaner Vacuum နှစ်စီး (အမှိုက်စုပ်ယာဉ်)၊ Roll on – Roll off အမှိုက်သိမ်းယာဉ် ၁၄ စီးအပါအဝင် သန့်ရှင်း ရေးယာဉ် ၅၆ စီး ဝယ်ယူခဲ့ကြောင်း ၄င်းက ပြောကြားသည်။

လက်ရှိကာလအထိ အသုံးပြုလျက် ရှိသော စွန့်ပစ်အမှိုက် သိမ်းဆည်းရာတွင် သန့်ရှင်းရေးဝန်ထမ်း ငါးဦးခန့်က အမှိုက်များကို သယ်ယူကာ အမှိုက်သိမ်းယာဉ် ပေါ်သို့ ပို့ဆောင်ပေးသောစနစ်မှ ယခုအခါ အမှိုက်ပုံးချိတ်ဆွဲ၍ အလိုအလျောက် အမှိုက်သိမ်းသည်ယာဉ်ဖြင့် အသုံးပြုပါက ယာဉ်တွင် အမှိုက်ပုံးချိတ်ဆွဲမည့် ဝန်ထမ်း တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးသာ လိုအပ် သောကြောင့် အချိန်ကုန်သက်သာစေပြီး လူအင်အား အသုံးပြုမှုကို လျော့ကျနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"အခုသုံးနေတဲ့ အမှိုက်သိမ်းကားတွေက တော်တော်စုတ်နေပြီး အနံ့လည်း မလုံတော့ ကားသစ်တွေက အနံ့လုံရင် ကောင်းမယ်" ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဦးမင်းနိုင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် Compactor GarbageTruck များဖြင့် တွဲဖက်၍ အမှိုက်သိမ်းနိုင်ရန် ၀ ဒသမ ၂၁၇ တန် ဝင်ဆံ့သော အမှိုက်ပုံး ၄၀၀၀ကျော်ကို မြို့နယ်များတွင် ဇူလိုင်လတွင်း ထားရှိပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် နေ့စဉ် စွန့်ပစ်အမှိုက်တန် ၁၆၀၀ ကျော် ထွက်ရှိပြီး အမှိုက်သိမ်း ဝန်ထမ်း ၁၉၀၀ကျော်နှင့် ထပ်မံ ဝယ်ယူသော အမေရိကန်ထုတ် အမှိုက်သိမ်းယာဉ် အပါအဝင် အစီးရေ ၃၀၀ နီးပါးခန့်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။
The Voice Weekly