သြစတြေးလျကို အာဆီယံ ဘောလုံးအဖွဲ့ဝင် နိုင်ငံအဖြစ် အတည်ပြု

ပို့စ်တင်ချိန် - 8/27/2013 04:02:00 PM



အိုလံပစ် ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများကို အာရှဇုန်မှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထား သည့် သြစတြေးလျနိုင်ငံကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) ၏ တင်းပြည့် အဖွဲ့ဝင် နိုင်ငံအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်သည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ်က သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် AFF ကောင်စီ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ သြစတြေးလျနိုင်ငံကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်၏ တင်းပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အာဆီယံ ဒေသတွင်း နိုင်ငံများ အနေနှင့် အာရှအဆင့် သက်တမ်း အလိုက် ဘောလုံးပြိုင်ပွဲများ သာမက ကမ္ဘာ့ အိုလံပစ် ဘောလုံးပြိုင်ပွဲ၊ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ များ ဝင်ရောက် ယှဉ်ပြိုင်ရန် အခွင့်အရေးများ ဆုံးရှုံးစေခဲ့ကြောင်း ဝါရင့် အားကစား ကလောင်ရှင်ကြီး ဦးခင်မောင်ထွေးက သုံးသပ်သည်။

သြစတြေးလျ အသင်းသည် ယခင်က အာရှ သမုဒ္ဒရာပိုင်းဇုန် နိုင်ငံများ၊ ကွန်ကာကပ်ဖ်ဇုန်မှ နိုင်ငံတို့ကို အနိုင်ရမှသာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့် ရခဲ့ရာမှ အာရှတိုက်၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့သည့် နောက်ပိုင်း အာရှ ဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဆော်ဒီ အာရေးဗျ၊ အာရပ် စော်ဘွားများ ပြည်ထောင်စုတို့ကဲ့သို့သော နိုင်ငံများနှင့်အပြိုင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိရန် လုပ်ဆောင်ခဲ့ရာမှ အာဆီယံ ဒေသတွင်း နိုင်ငံများ ကို နယ်ချဲ့လာခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

သြစတြေးလျနိုင်ငံသည် အာဆီယံ ဒေသတွင်း နိုင်ငံများ၏ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးရာတွင် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ၂၀၀၈၊ ၂၀၀၉ တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့သည့် သာဓကများ ရှိခဲ့သည်။ လက်ရှိ အချိန်တွင်လည်း သြစတြေးလျ ယူ ၁၉ အမျိုးသမီး အသင်းသည် တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပမည့် အာရှ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်တို့နှင့်အတူ နောက်ဆုံး အဆင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ယင်းအပြင် သြစတြေးလျ အသင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် အာဆီယံ ချန်ပီယံရှစ် အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ၏ အုပ်စု (က) တွင် အာဆီယံ ဒေသတွင်း နိုင်ငံများကို ဂိုးပြတ် သွင်းယူခဲ့ပြီး အုပ်စု ပွဲစဉ်များ မပြီးဆုံးမီ ရှုံးထွက်အဆင့်သို့ အစောဆုံး တက်ရောက်ထားနိုင်ခဲ့သည်။

သြစတြေးလျ နိုင်ငံကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့သောကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် သက်တမ်းအလိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။

ွှThe Voice