ပဲအိတ်ပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ်ကပ်ပြီး ရောင်းသည့်စနစ် ကျင့်သုံးမည်

ပို့စ်တင်ချိန် - 8/20/2013 07:04:00 PM

ရန်ကုန်- ပဲလောကတွင် အရောင်းအ၀ယ်ပြုလုပ်ရာ၌ ရောင်းချသူက မိမိရောင်းချသည့် ပဲအိတ်ပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ်ကပ်၍ ရောင်းချသည့်စနစ် ကျင့်သုံးရန် စီစဉ်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှသတင်းရရှိသည်။

ပြည်ပနိုင်ငံများသို့ ပဲတင်ပို့ ရောင်းချသည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၊ ရောင်းသူနှင့်ဝယ်သူများ တွေ့ဆုံဆွေးနွေးရာတွင် ၀ယ်ယူသူများဘက်မှ တင်ပြလာသဖြင့် ထိုကဲ့သို့ ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားမှူးချုပ် ဦးတိုးအောင်မြင့်ကဆိုသည်။

“တစ်ပတ်တစ်ကြိမ် ပဲကုန်စည်ဒိုင်တွေကို သွားပြီးစစ်တဲ့အခါ ပဲအရည်အသွေးမကောင်းတာတွေ ထည့်ရောင်းတာတွေ့ရတယ်။ ဒါကြောင့် ၀ယ်တဲ့လူတွေကလည်း မာကင်(အမှတ်တံဆိပ်) ထည့်ပေးဖို့တောင်းဆိုတယ်”ဟု ဦးတိုးအောင်မြင့်ကပြောသည်။

“လုံးဝ ဖြစ်သင့်တဲ့ကိစ္စပဲ။ ဆန်မှာလုပ်နေတာကြာပြီ။ ပဲလောက ဆန်လောကထက် ရှုပ်ထွေးတယ်”ဟု ပြည်ပနိုင်ငံများသို့ ပဲတင်ပို့ရောင်းချသူ ဦးဇော်ဝင်းဦးက သုံးသပ်သည်။

ထိုကဲ့သို့ စနစ်မျိုးကျင့်သုံးပါက ပဲလောကအတွင်း အကြမ်း (Raw)နှင့် သန့်စင်ပြီး (RC)ဈေးကွက်ဟူ၍ ဈေးကွက်နှစ်မျိုး ဖြစ်ပေါ်နိုင်ကာ ပဲအရောင်းအ၀ယ်တိုးတက်မှုကို ဦးတည်လာနိုင်ကြောင်း ပခုက္ကူကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇင်မင်းထွန်းက ပြောသည်။

ပဲအရောင်းအ၀ယ်ပြုလုပ်ရာတွင် ငွေကြေးလိမ်လည်မှုများ မကြာခဏကြုံတွေ့နေရသဖြင့် သြဂုတ် ၁၅ ရက်မှစ၍ ကုန်လက်ခံစာရွက် (DO)ဖြင့် ရောင်းချမှုမပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တားမြစ်ခဲ့သည်။

လက်ရှိတွင် ပြည်တွင်းပဲဈေးကွက်တွင် အရောင်းအ၀ယ်အေးနေပြီး ပြည်ပ၀ယ်လက်များကိုသာ အဓိကရောင်းနေရကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးကပြောသည်။

“သြဂုတ်လထဲမှာ တစ်ပတ်ကို တန်ချိန် ၂၀၀၀ လောက် တိုးလာတယ်။ မတ်ပဲက တစ်ပတ်ကို တန်ချိန် ၂၀၀၀လောက်ကနေ ဒီလထဲမှာ တန်ချိန် ၅၀၀၀ လောက် တင်ပို့နိုင်ခဲ့တယ်”ဟု ဦးမင်းကိုဦးကဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲအရောင်းအ၀ယ်လောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် သြဂုတ်လဆန်းမှစပြီး ပဲကုန်စည်ဒိုင်များသို့ တစ်ပတ်တစ်ကြိမ် သွားရောက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
7Day News Journal