လက်ရွေးစင်ကစားသမားများ၏ ကြံ့ခိုင်မှုမှာ မိမိလောက်ပင်မရှိဟု ပတ်ဆောင်ဟွာ ဝေဖန်

ပို့စ်တင်ချိန် - 8/22/2013 05:27:00 PM


ရဲရင့်ဌေး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၆ မိနစ်

မြန်မာယူ-၂၃အသင်း၏ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာက ပဏာမလက်ရွေးစင်ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေမှာ အသက် (၆၀) အရွယ်ရှိ မိမိ၏ ကြံ့ခိုင်မှုကိုပင် မမီကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဆီးဂိမ်းတွင်ပါဝင်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်းကို လက်ရှိအချိန်တွင် ပဏာမကစားသမား ၃၀ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်မှုများပြုလုပ်နေပြီး စက်တင်ဘာလအတွင်း မလေးရှားနိုင်ငံတွင် ကျင်းပမည့် မာဒေးကား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

လက်ရွေးစင် ကစားသမားများ၏ ကြံ့ခိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “ပဏာမ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အနေအထားက အတော်လေးကို ဆိုးရွားနေတာပါ။ သူတို့က ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြုံပြုချက်တွေကိုလည်း သိပ်အလေးမထားဘူး။ ဒီအတွက် လုပ်ကိုင်ရတာ ခက်နေပါတယ်။ သူတို့ကစားနေတဲ့ ၀ိတ်ပြားတွေကို မကြည့်တော့ ကျွန်တော့်အတွက်တောင် ပေါ့နေပါသေးတယ်။ အသက် ၆၀ ရှိတဲ့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုထက်တောင် ကစားသမားတွေရဲ့အခြေအနေက ဆိုးနေပါတယ်” ဟု သုံးသပ်ပြသည်။

သို့သော် ပတ်ဆောင်ဟွာက အဆိုပါအားနည်းချက်ကိုပြင်ချိန်ရထားသည့် သုံးလကာလအတွင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကာ
ဆီးဂိမ်းရွှေတံဆိပ်ရရန်ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားသည်။

“ကစားသမားတွေရဲ့ အားနည်းချက်တွေကို ဖြည်းဖြည်းချင်း ပြုပြင်ရမှာပါ။သူတို့ နားဝင်အောင် တစ်ယောက်ချင်း ရှင်းပြပေးရမှာပါ။ အခုအချိန်ကတော့ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလာအောင်ကြိုးပမ်းရမှာ ပါ။ ပြင်ဆင်ချိန် သုံးလအတွင်းမှာ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ရွှေတံဆိပ် ရအောင် ကြိုးပမ်းရမှာပါ” ဟု ၎င်းက ဆိုသည်။
Mizzima - News in Burmese