ကရင်ပြည်နယ်တွင် ရေပြန်ကျ

ပို့စ်တင်ချိန် - 8/02/2013 12:36:00 PM


ရန်ကုန်၊ သြဂုတ် ၁

လူပေါင်းနှစ်သောင်းကျော် ဒုက္ခရောက်ခဲ့သည့် ကရင်ပြည်နယ် ရေကြီးမှု သုံးရက်ကျော် အကြာတွင် ရေငါးပေခန့် ပြန်ကျသွားပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် ကရင်ပြည်နယ်တွင် မြဝတီ အပါအဝင် မြို့ငါးမြို့တွင် ရေကြီးခဲ့ပြီး လူပေါင်း ၂၄,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၇၉ ခုဖွင့်ကာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေး ထားကြောင်း၊ သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာသွန်းမှုနည်းကာ ရေပြန်ကျနေပြီ ဖြစ်သဖြင့် အဆိုပါ ရေဘေးရှောင်သူများ အနက် အချို့နေအိမ် ပြင်ဆင်ရန် ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေဘေးဒုက္ခခံစားရသည့် နေရာများကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သြဂုတ်လ ၁ ရက်နေ့တွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း ဦးမြင့်တင်က ထပ်မံ ပြောကြားသည်။

မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်စသည့် မြို့နယ်များတွင် လေးပေမှ ၁၀ ပေ ကျော်အထိ ရေကြီးခဲ့ပြီး ဒေသခံ ၂၄,၄၉၉ ဦး ရေဘေးတိမ်းရှောင်ခဲ့ရသည်။
The Voice Weekly